"သို့..... အတိတ်က....." အပိုင်း(၂၄)

354 30 0
                                    

နွမ်းသမျှ မပြေနိုင်တာသိပေမဲ့ ခဏလေးဖြစ်ဖြစ် စိတ်သက်သာရာ ရချင်လို့ Bathtub ထဲ စိမ်နေလိုက်မိတာ အချိန်အတော်ကြာသွားတယ်။ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ အားလုံးက နေသားတကျ ရှင်းလင်းထားပြီသား။ အဲ့လိုပါပဲ ထက်မြတ်နောင် သောင်းကျန်းပြီး ဖွထားသမျှက တိမ်လွှာဖြူ မျက်ကွယ်ခဏပြုချိန်အတွင်းမှာတင် ရှင်းထား လင်းထားပြီးသား။ အခန်းကို ခဏပဲ တစ်ချက်ဝေ့ကြည့်လိုက်ပြီး  အခန်းတံခါးကို  lock  ချလိုက်တယ် bathrobe ကို မလဲတော့ဘဲ စောင်ပုံအောင် ဝင်လို့ ခွေခွေလေး ဝင်လှဲနေလိုက်တယ်။ ပမ်းလွန်းတဲ့စိတ်တွေက လွှတ်ထားရင်းက ဝင်လာတဲ့ အတွေးစုံတွေကြား မောင့်မျက်နှာက မျက်လုံးထဲပေါ်လာတော့ စီးကျလာတဲ့ မျက်ရည်က ထိန်းမနိုင် သိမ်းမရ။ တစ်ယောက်တည်းငိုလို့ တစ်ယောက်တည်း အငိုတိတ်ခဲ့ရပေါင်းများပြီး မောင်ရယ် ကျွန်မ ပင်ပမ်းလွန်းလို့ လွှတ်ချပြစ်ချင်နေပြီ။ ဘေးစောင်းလေး ခွေအိပ်နေရင်းက ခေါင်းအုံးကို လက်နှစ်ဖက်နဲ့ တင်းတင်းစုပ်ကိုင်ရင်း မျက်နှာအပ်လို့ ငို့မိပြန်တယ်။ ဒီနှစ်တွေထဲ တစ်ယောက်တည်းရှိချိန်တိုင်း မရေတွက်နိုင်အောင် အကြိမ်ကြိမ်အခါအခါ ငိုရင်းက မစဲနိုင်ခဲ့တဲ့မျက်ရည်တွေ။ ဘယ်ရင်ခွင် ခေါင်းတိုးလို့ငိုရမလဲတွေးတော့ အတွေးထဲ ရောက်လာတာက မောင့်ရင်ခွင်တစ်ခုရယ်သာ။ ကြုံခဲ့ သမျှ ဆုံခဲ့သမျှတွေကို မောင့်ကိုတိုင်တည်လို့သာ ငိုချပြစ်ချင်ခဲ့တာပါ။ မောင့် ရင်ခွင်မှ မဟုတ်ရင် ဘယ်ရင်ခွင်မှ မခိုဝင်ချင်ခဲ့ဘူး။ အရှင်လက်လက် ငရဲကျနေရသလိုစိတ်က ဘဝင်ကိုလာဟပ်ချိန်များဆို လူကအလိုလို အငွေ့ပျံပျောက်သွားချင်တဲ့အထိ။

ဘယ်လိုမှ ထုတ်မရခဲ့တဲ့ မြင်ကွင်းတွေလေ။ ကျွန်မမှာ ရင်နာလိုက်ရတာ ရင်ဖွင့်စရာမရှိ။ တိုးဝင်လို့ ငိုကြွေးစရာ ရင်ခွင်ရယ်ကမရှိ။ မတွေ့ခဲ့၊ မမြင်ခဲ့ရင်ကောင်းသားကို မေ့ဖျောက်မရတဲ့မြင်ကွင်းတွေလေ။ သိနေလို့ ရက်သေချာညှိခဲ့မိတာတောင် မောင်ရော အတူပါလာတယ်လို့ လင်းမြတ်နောင်ပြောကတည်းက ကတုန်ကယင်နဲ့ လူကအယောင်ယောင်အမှားမှားတွေဖြစ်လို့။ ပြေးလို့တွေ့ချင်စိတ်၊ ထွက်လို့ပြေးချင်စိတ်တွေကို အတင်းဖိနှိပ် ချိုးနှိမ်လို့ လှမ်းခဲ့ရတဲ့ခြေလှမ်းတွေ။ အောင့်တက်လာတဲ့ ရင်ဘက်ကို ဆုပ်ခြေလို့ တင်းခဲ့ရတဲ့ စိတ်တွေ။ မဟုတ်ပါစေနဲ့လို့ တွေးနေရင်းက သွေးစက်လက်ခြေဗလာနဲ့ မောင့်ကို မြင်လိုက်ရတော့ လူက ထိန်းလို့မရတော့။ ဆွဲထားတဲ့ ထက်မြတ်နောင်ရဲ့ လက်ကို အတင်းဖြုတ်လို့ ကားပေါ်တက်လိုက်လာခဲ့တာ။ ဧည့်ခံပွဲ ဘယ်လိုဖြစ်ကျန်ခဲ့လဲစိတ်မဝင်စားတော့၊ သိလည်းမသိချင်တော့ မောင်သာတစ်ခုခုဆို ကိုယ်တိုင်လည်း ရင်ကွဲနာကျမှာက အသေအချာရယ်ပါ။ ရင်ခွင်ထဲမောင့်ကို ပွေ့ထားရင်း လူက ငိုလို့တောင်မရခဲ့ဘူး။ သတိရလာတဲ့အထိစောင့်ဖို့မစွမ်းသာခဲ့ဘူးမောင်။ ကျွန်မမှာက စိတ်တခြား ကိုယ်တခြားဖြစ်ခဲ့ပြီမို့ စိတ်ချရပြီပြောတော့ ပြန်ဖို့ပြင်ရပြန်တယ်။ ဘယ်ပြန်ရမလဲတွေးရင်း ထွက်လာတော့ ဆေးရုံရှေ့ရောက်နေတဲ့ ထက်မြတ်နောင်ရဲ့ကားပေါ်တဲ့။ ဘယ်သူမျက်နှာမှ မကြည့်ချင်တော့ဘူး။ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်ဖို့တောင် စိတ်ကုန်နေခဲ့ပြီးပြီးမို့လေ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now