"သားသား စားကောင်းလား..."
မာမီ့ကို သား ခေါင်းလေးညိတ်ပြလိုက်သည်။ ၁၂နှစ်သားအရွယ်ဖြစ်သည့်သားကမနက်စာဆိုကြက်ဥလေးတွေနဲ့လုပ်ထားသည့်မုန့်များကိုကြိုက်ပါသည်။
အခုတောင်ပန်းကန်ပြားထဲကမကျက်တကျက် ကြော်ထားတဲ့ကြက်ဥအနှစ်လေးကိုခေါင်းငုံ့ပြီးချွန်တက်နေသည့်နှုတ်ခမ်းထိပ်လေးများနဲ့ထိုးစားလို့နေပါပြီ။ကြက်ဥနှစ်လုံးကုန်သွားတော့ပါပါးရဲ့ပန်းကန် ထဲကကြက်ဥကြော်လေးများကိုမျက်စောင်းထိုးလိုက်ပါသည်။ရိပ်စားမိသည့်ပါပါးကကြက်ဥကြော်လေးထည့်ပေးဖို့လုပ်တော့...
"ကို...သားသားကို ကြက်ဥတွေထပ်မထည့်ပေးနဲ့တော့ မျှမျှတတရှိအောင် ပေါင်မုန့်လေးနဲ့နွားနို့လေးလည်းသောက်ခိုင်းရမယ်လေ..."
မာမီဝင်တားလိုက်တော့ သားမပျော်တော့ပါ။အရှေ့သို့ထိုးပေးလာသည့်နွားနို့လေးကိုတစ်ငုံသာသောက်လိုက်ရင်းမြိုမချဘဲပါးစပ်ထဲငုံထားလိုက်တော့သည်။ဒါဟာလည်းဆန္ဒပြနည်းတစ်မျိုးဖြစ်ပါသည်။ကြက်ဥကြော်လေးနောက်တစ်လုံးရောက်လာမှငုံထားတဲ့နွားနို့လေးများကိုမြိုချလိုက်တော့၏။
"သားသားရေ သွက်သွက်စား...သားသားရဲ့ပါပါးအလုပ်မမီဘဲနေဦးမယ်..."
မာမီပြောတော့ဝါးလက်စများကို ဒီတိုင်းမြိုချလိုက်ပါသည်။ လက်မှာပေနေသည့်မုန့်အစအနတွေကိုအင်္ကျီနဲ့သုတ်ဖို့လုပ်တော့မာမီကလက်ကိုလှမ်းတားလိုက်ပါသည်။ ပုရွက်ဆိတ်ကိုက်ခံရလိမ့်မည်လို့လည်းပြောပါ၏။ အဲ့တာကြောင့်လက်သုတ်ပုဝါနဲ့ပဲသုတ်လိုက်ပြီးပါပါးကိုကြည့်လိုက်ပါသည်။
"ပါပါး..."
"ပြော သားသား..."
"သား ကျောင်းကားစီးချင်တယ်..."
"ဘာဖြစ်လို့လဲ သားသား...ပါပါးအလုပ်မသွားခင်အမြဲတမ်းဝင်ပို့ပေးနေကျကို..."
ပါပါးပြန်ဖြေခြင်းမဟုတ်ပါ။ မာမီမေးလိုက်ခြင်းဖြစ်ပါသည်။
"သားက သူငယ်ချင်းတွေနဲ့ ကျောင်းကားစီးချင်တာ..."
"အင်းပါ နောက်လကျရင် ပါပါးစီစဉ်ပေးမယ်..."
"ကို..."
မာမီဝင်ပြောဖို့လုပ်တော့ ပါပါးကတားလိုက်ပါသည်။သားကို အပေါ်တက်ခိုင်းပြီးကျောင်းဝတ်စုံသွားလဲခိုင်းပါ၏။
"ကို...သားကို အရမ်းအလိုလိုက်တယ်နော်..."
"သားသားလည်း သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးသွားချင်လို့နေမှာပေါ့ ကိုယ်လိုက်ပို့နေတာမူကြိုကတည်းကနေ ဒီအရွယ်ထိဆိုတော့ပျင်းနေရှာမှာပေါ့..."
"ဒါပေမယ့်လည်း က်ို..."
ရှောင်းမားက အလိုမကျစွာပြောလာတော့ရှောင်းပါးချော့မော့ကာပြောနေရသည်။သားသားကိုလည်းအချစ်ပို၊ဇနီးကိုလည်းအချစ်မလျှော့သည့်ရှောင်းပါးတို့ဒီလိုအချိန်ဆိုဗျာများရပါ၏။သားသားရဲ့မျက်နှာပြိုမှာလည်းမလို၊ ဇနီးမျက်နှာညိုမှာကိုလည်းစိုးဖြင့်အသေအချာနားချရသည်။
"သားသားဆန္ဒကို ကိုယ်တို့လိုက်လျောပေးရအောင်ပါနော်...သားသားရဲ့မာမီရယ်ပြုံးပါဦး..."
နောက်ဆုံးတော့လည်း နှစ်ယောက်တစ်ယောက်အနေအထားမှာရှောင်းမားလိုက်လျောပေးလိုက်ရပါတော့၏။
"သားသား ပြီးရင်ဆင်းလာခဲ့တော့လေ ပါပါးကားထဲမှာစောင့်နေပြီ..."
"သားရဲ့ထမင်းခြင်းတောင်းရော..."
"သားသားရဲ့ပါပါး ယူသွားပြီးပြီ..."
"ရေဘဝဲ လေဖောင်းမုန့်လေးရော ထည့်ပေးပြီးပြီလားမာမီ..."
"ထည့်ပေးပြီးပါပြီ...ထမင်းတွေကုန်အောင်စားခဲ့နော်သားသား..."
ကျောင်းအဝင်ဝရောက်တော့ပါပါးကိုအာဘွားတွေအများကြီးပေးလိုက်သည်။နောက်လဆိုကျောင်းကားကြီးစီးရတော့မယ်ဆိုတော့သားပျော်နေပါသည်။
ပါပါးလိုက်ပို့ရင်အမြဲတမ်းကျောင်းချိန်ကပ်ပြီးမှရောက်သည်။ကျောင်းကားကြီးနဲ့သွားရင်အစောကြီးရောက်ပါသည်။သားမှာအကြံကြီးရှိပါသည်။ကျောင်းကိုအစောကြီးရောက်ရင် ကိုကြီးကိုအကြာကြီးကြည့်လို့ရမည်ဖြစ်ပါ၏။
နောက်လရောက်ဖို့ သား မစောင့်နိုင်တော့ပါ။