"ကိုကြီးသက်သာသွားပြီလားဟင်..."
"အင်း...သက်သာသွားပြီ..."
သူ့လက်ဖဝါးကိုလာကိုင်သည့်လက်နွေးနွေးလေးတစ်ဖက်က်ိုငုံ့ကြည့်ရင်းဝမ်ရိပေါ်ပြုံးပြလိုက်သည်။တံတောင်ဆစ်လေးနားကိုယူကြည့်လိုက်တော့တွန်းခံထားရသည့်အရှိန်ကြောင့်ထင်သည်။နီရဲတွတ်လို့နေ၏။
"ချာတိတ် ဟိုဘက်ခဏလှည့်..."
စကားနားထောင်ပြီးခန္ဓာကိုယ်တစ်ဖက်လှည့်ပေး
လိုက်သည့်ချာတိတ်ကိုအင်္ကျီလေးဆွဲလှန်ပြီးကျောကုန်းလေးကိုတစ်ချက်စစ်ကြည့်လိုက်မိသည်။ကျောကုန်းလေးလည်းတံတောင်ဆစ်လေးနဲ့အလားတူနီရဲတွတ်နေ၏။နီရဲနေသည့်နေရာလေးကိုသူအသာပွတ်ပေးလိုက်ပြီးနောက်..."အရမ်းနာနေလား ချာတိတ်..."
"ခုနတုန်းက နာတယ်...အခုက သိပ်မနာတော့ဘူး..."
လှန်ထားတဲ့အင်္ကျီလေးကိုပြန်ဆွဲချပေးလိုက်ပြီးချာတိတ်ကို သူ့ရဲ့ကုတင်ပေါ်ဆွဲချီလိုက်တော့ချာတိတ်ကသူနဲ့အတူ ဆေးပေးခန်းရဲ့ကုတင်လေးပေါ်မှာခြေတွဲလောင်းလေးချပြီးထိုင်လို့နေ၏။
"ဘာလို့ ကွင်းထဲပြေးဆင်းလာတာလဲ ချာတိတ်..."
"ကိုကြီးကို လုပ်တဲ့လူဆိုးကောင်ကြီးကို သားမကျေနပ်လို့..."
"သူ့ကိုဒိုင်လူကြီးက အဝါကဒ်ပြလိုက်ပြီးပြီလေ..."
"အဝါကဒ်ပြတာက နာမှမနာတာ ကိုကြီးကကျတော့နာသွားပြီးတော့ မြက်ခင်းပြင်ပေါ်မှာလဲနေတယ်လေ..."
"အဲ့တာနဲ့ ချာတိတ်က သူများကို သွားကိုက်ရောလား..."
"ကိုကြီးကသားကိုဆူနေတာလားဟင်..."
သူဆူနေတာမဟုတ်ရပါဘူး။စိုးရိမ်လို့ပြောနေရတာပါ။ဟိုကတစ်ခုခုပြန်လုပ်လိုက်မှာကိုချာတိတ်ကတွေးမှမတွေးတတ်သေးတာ။တကယ်လည်းလုပ်လိုက်တော့ သူလည်းချာတိတ်ကလွဲပြီးဘာမှမမြင်နိုင်တော့ဘဲ ပြန်တုံ့ပြန်ခဲ့တာပဲ။
ခေါင်းလေးငုံ့ပြီး လက်သည်းထိပ်လေးတွေကိုဆိတ် နေသည့်ချာတိတ်ကအသည်းယားစရာအတိ။အဲ့ဒီအသည်းယားစရာလေးကိုသူ့ဘေးမှာထိုင်ခိုင်းရတာအားမရတော့ဘဲ လက်နှစ်ဖက်နဲ့ချီလိုက်၍သူ့ပေါင်ပေါ်တင်ပြီးရင်ဘတ်ထဲဖက်ထားလိုက်သည်။