ကိုကြီးကို သား ပထမဦးဆုံးတွေ့ခဲ့ပုံမှာဒီလိုဖြစ်ပါသည်။
အဲ့ဒီနေ့က ကျောင်းဆင်းတော့အိမ်ကလာကြိုမှာကိုစောင့်ရင်း သားသူငယ်ချင်းနဲ့အတူတူသန့်စင်ခန်းသွားခဲ့ပါသည်။အရင်ပြီးသွားတဲ့သားက မပြီးသေးတဲ့သူငယ်ချင်းကိုသန့်စင်ခန်းအပြင်မှာစောင့်လို့နေပါ၏။
"ဟေး..."
"ဟေး"ဆိုသည့်အသံဟိန်းဟိန်းတစ်ခုကသားရဲ့အနောက်ဘက်ကနေထွက်ပေါ်လာခဲ့ပါသည်။သားလှည့်ကြည့်လိုက်တော့အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ကိုကြီးတစ်ယောက်ကိုတွေ့ပါသည်။ အဲ့ဒီကိုကြီးကသားရဲ့ကိုကြီးဖြစ်ပါ၏။
ကိုကြီးအရပ်ရှည်မှန်းသားနောက်ကျမှသတိထားမိတာဖြစ်ပါသည်။စစဦးချင်းကိုကြီးရဲ့အပြုံးထဲမှာ သားရေကူးမိရင်းမျောပါနေတာဖြစ်ပါ၏။တကယ်တော့ကိုကြီးကသားကိုပြုံးပြနေခြင်းမဟုတ်ပါ။သူ့သူငယ်ချင်းကိုအော်ခေါ်ရင်းပြုံးပြနေခြင်းဖြစ်ပါသည်။ကိုကြီးကိုသားဆက်ပြီးမတ်တပ်ရပ်ကြည့်နေမိပါသည်။
သားက စာသိပ်မတော်လို့ကိုကြီးရဲ့မျက်နှာကိုစကားလှလှလေးတွေနဲ့မပြောပြတတ်ပါ။ကိုကြီးကမျက်မှန်တပ်ပါသည်။မျက်မှန်အောက်ကမျက်လုံးတွေက သားဘိုးဘိုးတို့ရဲ့နယ်သွားတုန်းက ကလေးလေးတွေထုစားတဲ့ဗာဒံသီးနဲ့တူပါသည်။
ကိုကြီးမှာနှာခေါင်းလုံးလုံးလေးနဲ့ပါးဖောင်းဖောင်းလေးတွေရှိပါ၏။ကိုကြီးရဲ့နှုတ်ခမ်းတွေကဘယ်လိုပုံလဲဆိုတာသားမပြောပြတတ်ပါ။ကိုကြီးပြုံးရင်အရမ်းချောတာတော့သိပါ၏။
တကယ်တော့ကိုကြီးကနာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်မှန်းသားမသိခဲ့ပါ။ကိုကြီးကိုစတွေ့ပြီးခဲ့တဲ့အချိန်မှာသားတို့အတန်းထဲကမိန်းကလေးတွေလည်းကိုကြီးအကြောင်းပြောနေကြတာကြားမိလာခဲ့ပါသည်။အဲ့တာကြောင့်ကိုကြီးအကြောင်းသိတဲ့အတန်းဖော်မိန်းကလေးတွေကိုသကြားလုံးဝယ်ကျွေးပြီးကိုကြီးအကြောင်းပြောခိုင်းပါသည်။
တချို့ကလည်းသားဝယ်ကျွေးတဲ့သကြားလုံးစားချင်လို့ပြောပြပါသည်။တချို့ကမပြောပြပါ။သားဆီကသကြားလုံးကိုညာစားသွားကြပါသည်။သကြားလုံးအခွံတွေကိုတော့သားအိတ်ထဲပြန်ထိုးထည့်သွားကြပါ၏။သားမကျေနပ်ပါ။