"သားသား...သားသားရဲ့ကိုကြီးကမလာသေးဘူးလား..."
ရှောင်းပါးတစ်ယောက်တမင်တကာအလုပ်နောက်ကျခံပြီးသူ့သားသားနှင့်အတူကိုကြီးကိုချောင်းဖို့ကျောင်းရဲ့စက်ဘီးပါကင်ဘေးကကော်ရစ်တာလေးမှာရောက်လို့နေသည်။သူတို့နှစ်ယောက်တည်းတော့မဟုတ်။တခြားကျောင်းသူလေးတွေလည်းရှိနေတော့ ကလေးတွေကြားမှာရှောင်းပါးတစ်ယောက်တည်းတသီးတသန့်ထီးထီးကြီး။
ဪ...ကျောင်းသူလေးတွေနှယ်။
တိုးဝှေ့နေကြတဲ့ကျောင်းသူလေးများကြားမှာရှောင်းပါးကသူ့သားသားကိုကောက်ချီလိုက်သည်။အဲ့တာမှသူ့သားသားလူကြားထဲမြုပ်မနေဘဲကိုကြီးဆိုတဲ့ကျောင်းသားလေးကိုကောင်းကောင်းတွေ့ရမှာဖြစ်သည်။
"သားကိုမချီနဲ့အောက်ပြန်ချပေး..."
"ဘာဖြစ်လို့လဲ..."
"သားက ကလေးမဟုတ်ဘူး...ကိုကြီးမြင်သွားရင်သားကိုကလေးလို့ထင်သွားလိမ့်မယ်..."
"ဘာဖြစ်လဲ သားသားက ကလေးလေးပဲကို..."
"မဟုတ်ဘူး...မဟုတ်ဘူးလို့...သားက ကလေးလေးမဟုတ်ဘူး..."
သူ့ကိုယ်ပေါ်မှာကော့ပျံလန်ရုန်းကန်နေသည့်သားသားကိုရှောင်းပါးအောက်ပြန်ချပေးလိုက်သည်။ ၁၂ နှစ် သားလေးက ကလေးမဟုတ်ဘူးဆိုတော့အသက် ၃၇ ရောက်နေတဲ့သူက ရိပ်သာသွားရတော့မည်လားမသိ။
"ကလင်...ကလင်..."
အေးကွယ်။သားသားကြိုက်ချင်လည်းကြိုက်ချင်စရာ။ပြိုင်ဘီးလေးကိုစီးပြီးကျောင်းထဲဝင်လာတဲ့လူငယ်လေးရဲ့ရုပ်ရည်ကသန့်ပြန့်လွန်းနေရော။မျက်မှန်အောက်ကစိန်းဖန့်ဖန့်မျက်ခုံးတွေကလူကြီးဆန်လှတဲ့ခန့်ညားမှုမျိုး။ဆံပင်ပုံကိုကြည့်ဦးမလား။လူကြီးလည်းသိပ်မဆန်၊လူငယ်လည်းသိပ်မဆန်လွန်း။ အရပ်အမောင်းနဲ့ကိုယ်လုံးကိုယ်ထည်ကလည်းပြောမနေနဲ့။သားသားနဲ့ဆိုတကယ့်ကိုရင်ခွင်မှီ။
"သားသားရေ...သားသားရဲ့ကိုကြီးကသားသားရှေ့တည့်တည့်မှာစက်ဘီးပါကင်လာထိုးတယ်..."လို့ရှောင်းပါးတိုးတိုးလေးပြောဖို့လုပ်လိုက်ပေမယ့်ဘယ်အချိန်တည်းကမှန်းမသိထွက်ပြေးသွားတဲ့သားသားကြောင့်ပြုံးလိုက်ရပြန်သည်။သားသားကတော့လေ။ရည်းစားစာတောင်ပေးတော့မှာကို ကိုကြီးမိသွားမှာကိုကြောက်နေပြန်တာလား။