ကျန်းမာဖွံ့ဖြိုးတဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ကိုယ်လက်လှုပ်ရှားမှုလုပ်ရမည်ဟုသားတို့ကျောင်းကကာယဆရာကပြောပါသည်။အဲ့တာကြောင့်သားကအမြဲတမ်းနေ့လယ်စာစားပြီးတိုင်းအညောင်းပြေအ
ညာပြေကန်တင်းကမုန့်ဆိုင်တွေဘက်ကိုလမ်း
လျှောက်ထွက်တတ်ပါသည်။လက်ထဲမှာလည်းမာမီထည့်ပေးလိုက်တဲ့ရေဘဝဲမုန့်ထုပ်လေးကိုကိုင်ထားပါ၏။(သားကြိုက်တဲ့ရေဘဝဲမုန့်)
သားတို့ကျောင်းကြီးကအထပ် ၆ ထပ်ရှိပြီးမုန့်ဆိုင် တွေကသားတို့ Grade-8 ကျောင်းခန်းနဲ့နီးနီးလေးမှာရှိပါသည်။ဒါပေမယ့်သားအတွက်တော့တော်တော်ဝေးပါသည်။သားက သားကိုကြီးရဲ့အခန်းရှိတဲ့ဒုတိယထပ်ကနေတစ်ကွေ့တစ်ပတ်ကြီးသွားလို့ဖြစ်ပါသည်။သားကတကယ်တော့မုန့်စားချင်လို့မဟုတ်ပါ။ကိုကြီးကိုတွေ့ချင်လို့ပဲဖြစ်ပါ၏။
ကိုကြီးကအတန်းရဲ့နောက်ဆုံးတန်းထောင့်ဆုံးခုံမှာထိုင်တာဖြစ်ပြီးမုန့်စားကျောင်းဆင်းချိန်တိုင်းအခန်းထဲမှာရှိနေတတ်ပါသည်။သားတို့ကျောင်းမှာဓလေ့တစ်ခုရှိပါသည်။အဲ့တာက စာတော်တဲ့သူတွေသာနောက်ဆုံးတန်းမှာထိုင်ရတာဖြစ်ပါသည်။
သားကတော့တစ်ခါမှနောက်ဆုံးတန်းမှာမထိုင်ဖူးပါ။အတန်းပိုင်ဆရာမရဲ့အရှေ့ကခုံမှာ ထိုင်ရတာဖြစ်ပါသည်။တကယ်ဆိုသားလည်းစာနည်းနည်းတော်ပါသည်။စာမေးပွဲမှာသားနားမလည်တဲ့ဟာတွေပဲမေးလာလို့မဖြေနိုင်ခြင်းဖြစ်ပါ၏။အဲ့တာကိုစာစစ်တဲ့ဆရာ၊ဆရာမတွေကတစ်မျိုးထင်သွားကြတာဖြစ်ပါမည်။သားရတဲ့ပုစ္ဆာတွေသာမေးလာခဲ့ရင်သားလည်းကိုကြီးလိုစာတော်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မည်။