🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း { ၁ }
အွတ်... အီး.... အီး.... အွတ်....။
လွှမ်းရိပ်၏ သားကြီး သိန်းနီသည် အချိန်မှန်စွာပင် သူ၏ တာဝန်ကို ကျေပွန်စွာဖြင့် တွန်သံပေးနေပြီ ဖြစ်သည်။ ခေါင်းအုံးဘေးမှ ကြိုးပြတ်နေသော နာရီလေးကို ယူကာ ကြည့်သောအခါ လွှမ်းရိပ် ထနေကြအချိန် မနက် ၄နာရီခွဲပင် ဖြစ်သည်။
ထို့ကြောင့် အချိန်မဆွဲတော့ပဲ အိပ်ရာမှထကာ ခပ်နွမ်းနွမ်း ချည်စောင်လေးကို ခေါက်သိမ်းလိုက်ပြီး မျက်နှာသစ်ရန် အိမ်အနောက်ဘက် စဉ့်အိုးရှိရာသို့ ခြေလှမ်းဖော့ဖော့ဖြင့် သွားလိုက်သည်။
လွှမ်းရိပ် ကိုယ်လက်သန့်စင်ပြီးသောအခါ မီးဖိုထဲမှ ဇကာသုံးခုကို ယူပြီး စံပယ်ပန်းများကို လိုက်လံခူးရင်း သူ၏ တစ်နေ့တာမနက်ခင်းကို အစပြုလိုက်ပါတော့သည်။
စံပယ်ပင်၌ စံပယ်ပန်းများကုန်သောသွားအခါ သူ၏ ဇကာများထဲတွင်လည်း ပန်းများဖြင့် ပြည့်နေပါတော့သည်။ ဝန်းကျင်တစ်ခွင် ပန်းရနံ့များဖြင့် မွှေးကြူသင်းပျံ့ လျက်ရှိပါသည်။
ထို့နောက် အပ်ဘူးထဲမှ အပ်နှင့် ချည်လုံးကို ယူပြီး စံပယ်ပန်းများကို အပ်ချည်ကြိုးဖြင့် သီလိုက်ပါသည်။
.
အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်ကာ ပန်းသီနေသော မြေးလေးကိုကြည့်ရင်း သားဖြစ်သူ မိုးရိပ်ကို ဒေါ်သွယ် သတိရသွားမိသည်။
မြေးရဲ့ အဖေဖြစ်သူ ဒေါ်သွယ်၏ သား ဆုံးပါးသွားပြီး တစ်နှစ်အကြာမှာ ချွေးမဖြစ်သူက နောင်အိမ်ထောင်ပြုကာ အိမ်မှ ထွက်သွားလေသည်။ ချွေးမဖြစ်သူက မြေးလေးကို ခေါ်သွားမည်ဟု ပြောပေမယ့်လည်း ပထွေး နှိပ်စက်ဒဏ်ခံရမည် စိုးသောကြောင့် မြေးလေးကို ချွေးမဖြစ်သူနှင့် ထည့်မပေးလိုက်ခြင်း ဖြစ်သည်။
မြေးလေးကလည်း နောက်အိမ်ထောင်ပြုသွားသော အမေဖြစ်သူနောက် လိုက်မသွားပဲ ဖွားအေထံ၌သာ နေခဲ့လေသည်။ မှတ်မှတ်ရရ မြေးလေးအသက် ရှစ်နှစ်ပြည့်မွေးနေ့ရက်မှာ ချွေးမဖြစ်သူက ထွက်သွားလေသည်။
BINABASA MO ANG
လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed]
Romance🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...