အပိုင်း(၃)
ဘုရားထဲကို တော်တော်နဲ့ မရောက်နိုင်ဘူး။လူတွေကတော်တော်များတယ်။ပုရွက်ဆိတ်အုံကိုရေလောင်းထားသလိုပဲ။ ဘုရား၀င်းထဲမှာကိုက အကြော်သည်တွေ၊မုန့်သည်တွေက ဟိုတစ်စ ဒီတစ်စ ။ မုန့်နှစ်နဲ့ကြော်ထားတာ နီရဲရဲပုစွန်လုံးကြော်နံ့တွေကမွှေးကြိုင်နေတယ်။ လက်တစ်ဖဝါးစာလောက်ရှိတဲ့ပုဇွန်ပြားကြော်ကြီးတွေက ကြွပ်ရွရွတွေ။ ကရေကရာ
၊အညာသားကျောကုန်း၊ စလူမုန့် စတဲ့ အညာမုန့်တွေကိုတော့ မြင်ဖူးစားဖူးပေမဲ့ လက်၂ချောင်းစာလောက် ကြီးပြီး အပေါ်က ထန်းလျက်ရေတွေ ရွဲနေအောင်သုတ်ထားတဲ့ မုန့်တမျိုးကိုတော့ အခုမှ မြင်ဖူးသည်။
ဒီ ရောက်လာမှ အခုမှမြင်ဖူးတာတွေ များနေပြန်ပြီ။ ဘာပဲ ဖြစ်ဖြစ် ဟိုကောင် ပြေဦးကိုတော့ ကျေးဇူးတင်ရလိမ့်မယ်။
သိချင်စိတ်က မိုးထိနေတော့ စျေးသည်ဆီသို့ ခန့်နောင်အရောက်သွားခဲ့တယ်။"အဒေါ် ဒါက ဘာမုန့်လဲ"
"အော် ငါတူရဲ့ မုန့်ခေါင်းအုံးလေ မစားဖူးဘူးလား မြည်းကြည့် ကြိုက်မှ၀ယ် ချိုတာမှ ထန်းလျက်ရေကို အိနေတာပဲ"
ခန့်နောင်မုန့်တခုကို ပါးစပ်ထဲထည့်ကြည့်ပြီး
"ဝိုး"တလိုက်ရသည်။ အရသာက မုန့်လက်ကောက်တို့လို့ မုန့်ကြက်ဥတို့လို့ ထင်ခဲ့ပေမဲ့ တခြားစီ။ အပေါ်က ထန်းလျက်ရည်ကို ရွဲအောင် လောင်းချထားပေမဲ့ အတွင်းမုန့်သားက ကြွပ်ကြွကြွ။ ငှက်သိုက်မုန့်လို့ခေါ်တဲ့ မုန့်လို့ လျှာပေါ်မှာ ပျောက်သယောင်ယောင်။
အရသာက ၂မျိုးပေါင်းစပ်ထားပေမဲ့ တမျိုးတည်းထွက်လာတဲ့အရသာက ခန့်နောင်ကို "ဝိုး "တရစေခဲ့တာပါပဲ။"ကြိုက်တယ် အဒေါ် ဘယ်လိုရောင်းတာလဲ"
"တစ်ဆယ်သားကို ၁၀၀၀ပဲပေး ငါ့တူရေ...အဒေါ်ဆိုင်ပဲရတာနော် ဒိပြင်ဆိုင် မရဘူးရယ်"
လေယူလေသိမ်းက အညာရွာသူတစ်ယောက်ဆိုတာ မပြောပဲ ခန့်နောင်မှန်းတက်ပါပြီ။ မန္တလေးမှာ ကျောင်းလာတက်ခဲ့ကတည်း ဒီလေယူလေသိမ်းတွေနဲ့ နားယဥ်ခဲ့တာ ကြာပါပကော။အစက နားမလည်ပေမဲ့ အခုသူလဲ အညာသားတပိုင်းဖြစ်နေပါရော။
BẠN ĐANG ĐỌC
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
Tiểu Thuyết Chungဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။