(အပိုင်း - ၁၁)
ဥသြ.....ဥသြ....ဥသြ...။
နွားစာရိတ်ရင်း သရက်ပင်ပေါ်က အကောင်မမြင်ရပဲ တွန်နေတဲ့ ဥသြငှက်ကို မောင်ငယ်လိုက်ရှာမိသည်။ နွေတောင် ခေါင်ခေါင်ပေါက်နေပြီ။ တပေါင်းအကုန် တန်ခူးတောင်ပြောင်းနေပါပေါ့လား။ နေက တပူပူ ၊ ဥသြက တတွန်တွန် နဲ့ လေက တရူးရူး လွမ်းချင်ရင် လွမ်းလောက်စရာကြီး။
မောင်ငယ်တို့အိမ်က နွားမမွေးပေမဲ့ ရွာထဲက နွားမွေးတဲ့သူတွေရှိတော့ နွားစာကို နေ့စားလိုက်ရိတ်ဖြစ်တယ်။ ပွဲတော်နဲ့ ဝေးတော့ ဈေးရောင်းလို့က ဖြစ်မှာမဟုတ်ဘူး။
အမေတောင် ကာဝန်းဘက်က နန်းမှာပဲ နေတော့တယ်။ ဒါတေါင် မနက်ပိုင်းလောက်ပဲ။
ဘုရားဖူးတွေက ပွဲတော်ရက်လောက်မကျပေမဲ့ ပွဲတင်သူက မပျက်တော့ နန်းထဲမှာ ပွဲကတော့ မပျက်ဘူး ။မောင်ငယ် သွေးမတော်သားမစပ်တဲ့ အကို့ကိုတော့သတိရသား။ အခုချိန်ဆို ကျောင်းတွေတော့ ပိတ်လောက်ပြီ။ အကို ရန်ကုန်ကိုပြန်သွားတာနေမှာ။
"ဟိုး ကိုငယ်ရေ ထမင်းစားနားရအောင်"
"အေး လာပြီဟေ့"
အဒေါ့်သမီး ထွေးမိ က ထမင်းစားရအောင် လှမ်းခေါ်နေသည်။ နေ့စားဌားရိတ်တာကလည်း အမေ့ညီမတစ်ဝမ်းကွဲ ကိုယ့်အဒေါ်အိမ်ကဆိုတော့ ထမင်းလည်းသူတို့ကပဲကျွေးတယ်။ ပိုက်ဆံလည်းရသေးတယ်လေ အလုပ်ကိုတော့ စေတနာပါပါလေး ပြန်လုပ်ပေးရတာပေါ့။
ယာထဲကနေ တက်ပြီး ထွေးမိနောက် လိုက်လာခဲ့တယ်။ ဒီဘက်အိမ်တွေမှာတော့ မြစ်နဲ့နီးလို့လားမသိဘူး ငါးဟင်းတခွက်အမြဲပါတက်သည်။ အခုလည်း ငါးနဲ့ ချဉ်ပေါင်ရွက်ချက်ထားသည်။
"ကိုငယ် ထွေးမိနဲ့ ညနေက လက်ပံခေါင်းကောက်ရအောင် လို့ လိုက်ခဲ့အုံး"
"အခုချိန်ဆို ခြောက်နေလောက်ပြီ သွားမယ်လေ အလုပ်သိမ်းရင် အိမ်အတွက်လည်း ကောက်ရအုံးမှာ"
လက်ပံပွင့်ကို ကြွေကြွခြေင်း မောင်ငယ်တို့မကောက်ဘူး။ အကြွေအတိုင်းလေးထား အဲ့အကြွေလေးတွေ ပွင့်ဖတ်တွေ ခြောက်သွားမှ အဖွဲ့လိုက် အပင်အောက်သွားကြပြီး ပွင့်ဖတ်တွေခြွေပီး တပျော်တပါး စကြ နောက်ကြ စကားပြောကြရင်း လက်ပံပွင့်ကောက်ကြတာ။ လက်ပံပွင့်ကို တစ်ယောက်တည်း မကောက်နဲ့ လွမ်းတက်တယ်တဲ့။
နွေရာသီဆိုတော့ နွေစာပဲပေါ့။
လက်ပံခေါင်းရှိတယ်။ ထန်းရည်ရှိတယ်။ တမာရွက်ပြုတ်ရှိတယ်။ သရက်သီးအကင်းလည်းရှိတယ်။ ရေကျချိန်မို့ ငါးကလည်း ပေါမှပေါပဲ။
သရက်အကင်းလေးတွေကို ကောက်ပြီး ပါးပါးလှီး အခြောက်လှမ်းထားရင် မိုးတွင်းကိ ဖူလုံပြီလေ။ လက်ပံခေါင်းလည်း အဲ့လိုပဲ။
ချဉ်ပေါင်လေးနဲ့ ငပိချက်ပဲချက်မလား။ ချဉ်ရည်ပဲကျိုမလား။အငန်ချက်နဲ့ မြုပ်စားအုံးမလား စားလို့ရသည်။
YOU ARE READING
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
General Fictionဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။