အပိုင်း (၁၄)
မောင်ငယ်တို့ ထမင်းစားပြီးသည်နဲ့ အိမ်ရှေ့ တန်းလျားလေးမှာ ထိုင်နေသည်။ အမေကတော့ အိမ်ထဲ ဘုရားရှစ်ခိုးနေသည်။
ဒီနေ့သည် တန်ခူးလပြည့်နေ့ ။
လရောင်သည် ရွာထဲသို့ ဖွာ၍ကျနေသည်။
သင်္ကြန်ရောက်ဖို့ပင် မလိုတော့။"အကိုသိလား ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ဒီလိုလပြည့်ညတွေကို အရမ်းသဘောကျတာ။ လသာသာနဲ့ တလင်းမှာ ကစားကြရတာ"
"ပျော်စရာကောင်းမှာပေါ့နော်"
"ကောင်းတာပေါ့"
"မောင်ငယ်ဘ၀က ပျော်စရာလေးနော်"
"ကျွန်တော့်ဘ၀က ပျော်စရာ၊ အကို့ဘ၀ကရော ပျော်စရာမကောင်းဘူးလား။
အကိုက ပိုက်ဆံချမ်းသာတာကို""ပိုက်ဆံရှိတာ ပျော်စရာမကောင်းပါဘူးမောင်ငယ်ရာ။ ပိုက်ဆံရှိပေမဲ့ ဘယ်မှာလဲ မိသားစုနွေးထွေးမှု ၊ ဘယ်မှာလဲ မောင်နှမတွေကြားက မေတ္တာ ။အကို့မှာ ဘာမှ မရခဲ့ဘူး။ မိုးလင်းတာနဲ့ အပြင်ထွက် ဖဲရိုက်နေတဲ့အမေ ၊ သားသမီးတွေအပေါ် တချက်လေးမှ ငဲ့မကြည့်ခဲ့ဘူး။
အဖေ ကရော ဘာထူးလဲ မိန်းမကို မှိုလိုပေါက်အောင် တွဲတယ်။ မယားငယ်ဆိုတာ လက်ချိူးရေလို့တောင်မရဘူး။
မောင်နှမတွေဆိုတာကလည်း လုပ်ချင်တာလုပ်။ ဘာမေတ္တာ ဘာစေတနာမှ သူတို့မှာမရှိဘူး။
ပိုက်ဆံကိုရေလိုသုံးလို့ရပေမဲ့ မိဘရဲ့မေတ္တာ၊မောင်နှမတွေရဲ့ မေတ္တာမရှိပဲ ဘယ်လိုလုပ်ပျော်မှာလဲ။ ငွေနဲ့၀ယ်လို့မရတာ အများကြီး ရှိတယ်ဆိုတဲ့ စကားကအလကားထားခဲ့တာမဟုတ်ဘူးလေကွာ။ ဒါကြောင့် အကိုရန်ကုန်မှာမနေဘူး မန်းလေးမှာ ကျောင်းလာတက်တယ်။ ကျောင်းပိတ်ရင် အိမ်မပြန်ဘူးသူငဟ်ချင်းတစ်ယောက်အိမ်သွားနေတယ်။ အခုတော့ မောင်ငယ်တို့အိမ်လာနေတာပဲ။"ထိုအရာတွေကို မောင်ငယ်မသိခဲ့ပါ။
မောင်ငယ်လက်ခံထားသည်က ငွေရှိရင် ပျော်ရွင်မည်သာ။ မောင်ငယ့်ပတ်၀န်းကျင်တွင် ဘ၀အခက်ခဲဆိုလျှင် ငွေကိုသာ လက်ညိုးထိုးရမည်။ အကိုပြောသော မိဘမေတ္တာ၊ မောင်နှမမေတ္တာဆိုတာ ပူပင်ရန်ပင်မလို။
အဖေပြောသော စကားကိုတော့ အမှတ်ရလိုက်သည်။
"ကျားကြီးရင် ခြေရာကြီးတယ်"တဲ့
လူဆိုတာ ဖြစ်လာကတည်းက သူတို့အပေါ်မှာ ဒုက္ခဆိုတဲ့ ၀န်ထုတ်ကြီးကို ထမ်းထားရသည်။ ထိုအထုတ်သည် တစ်ဦးနဲ့တစ်ဦး မတူနိုင်ပေ။ ကိုယ့်ဒုက္ခသည် ကြီးသည် သူ့ဒုက္ခသည် သေးသည်ဟု၍ ပြောလို့မရ။
သူ့အိုးနဲ့ သူ့ဆန်အလျောက် ဒုက္ခဆိုတာ ရှိစမြဲပင်။ သူ့ဒုက္ခသည် ကိုယ့်အတွက် သေးငယ်နိုင်သလို ကိုယ့်ဒုက္ခသည်လည်း သူ့အတွက် မြူတစ်မုံသာသာပင်။
YOU ARE READING
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
General Fictionဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။