အခန်းထဲကနေ စိမ်းညို့ညို့တောအုပ်လေးကို လှမ်းငေးရင်း တွေးနေမိသည့်သူမဟာ ခြေသံတစ်သံကိုကြားမှ အလန့်တကြားလှည့်ကြည့်လိုက်မိသည် ။ အရင်တစ်ခါတွေ့ဖူးသည့် ရှည်လျားသည့်အနီရောင်ဆံပင်တွေနှင့် မိန်းကလေး ။ သူမကို ဦးညွှတ်သော်လည်း နှစ်သက်ဟန်မပြလိုသည့် မရယ်မပြုံးမျက်နှာဖြင့်-"သခင်လေးက ခေါ်ခိုင်းလိုက်လို့ပါ ။ စာကြည့်ခန်းထဲမှာ သခင်လေးစောင့်နေပါတယ် .. ကျွန်မ လိုက်ပြပေးပါ့မယ်" ဟု ပြောသည် ။ အဲ့မိန်းကလေးကိုကြည့်ရတာ သံပတ်ပေးထားသည့် စက်ရုပ်အတိုင်း ခံစားမှုကင်းမဲ့နေပုံပေါ်၏။
မိုနာ ခေါင်းညိတ်လိုက်ရင်း မိန်းကလေးအနောက်က လိုက်လာလိုက်သည် ။ခြေလှမ်းမှန်မှန်ဖြင့် အချိန်ကြာလှမ်းပြီးသည့်နောက်တွင် မိန်းကလေးကရွှေရောင်တောက်ပနေသည့် တံခါးအကျယ်ကြီးရှေ့တွင် ရပ်ပြီး အေးစက်နေသည့် စက်ရုပ်လေသံဖြင့် ပြောသည်က -"သခင်လေးက စာကြည့်ခန်းထဲမှာ ရှိပါတယ် ။ ဝင်သွားလိုက်ပါ "တဲ့။
ဖွင့်ထားပေးသောတံခါးကနေ ဝင်သွားလိုက်တော့
မိန်းကလေးက ပြန်လှည့်သွားသည် ။စာကြည့်ခန်းအတွင်းဝယ် အနောက်တိုင်းခေတ်ဟောင်းသီချင်းသံက ပျံ့လွင်နေ၏ ။ ဆွဲဆွဲငင်ငင်နှင့်
ငိုချင်စိတ်ပင်ပေါက်လာအောင် စွဲဆောင်နေသည် ။ရှိန်းက ကြမ်းပြင်တွင် ထိုင်ချလျက် စာအုပ်တွေ ရွေးနေပြီး သူ့ဝန်းကျင်တစ်လျှောက်
ကမ္ဘာကျော်ရသစာအုပ်များ ပျံ့ကြဲနေလျက်။
လူတစ်ရပ်လောက်မြင့်သည့် စာအုပ်စင် ၊ အိုဟောင်းနေသည့် ချိန်သီးနာရီကြီးနှင့် ဟောင်းနွမ်းခြင်းတွေအပြည့်ဖြင့် အလှဆင်ထားသည့် အခန်းကြီးဟာ သူမအတွက်တော့ အထူးအဆန်းပင် ။
ရှိန်း ခြေသံကြားလို့ထင်သည် ။ စာအုပ်တွေဆီအာရုံဝင်စားနေရာက သူမကိုမော့ကြည့်ကာ ပြုံးပြ၏ ။ တစ်ခုခုကိုလည်း ပြောလိုက်ပုံရပေမဲ့
သီချင်းသံကြောင့် ဘာမှမကြားရပေ ။ သူမ ဘာပြောတာလဲဟူသည့်ပုံစံဖြင့် မေးငေါ့ပြတော့ ရှိန်းက ထိုင်နေရာကနေထကာ သူမဆီလျှောက်လာ သည် ။"မမက တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတော့ လာလေလို့ပြောတာ " ဟု နားရွက်နားလေးကပ်ကာ ပြောသည်က လေသံတိုးတိုး ။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]