"ရှိန်းအထင်မလွဲပါနဲ့နော်"တိုးညှင်းသည့်လေသံလေးကို ဆိုလိုက်ရင်း
သူ့ရင်ဘတ်မှာ မျက်နှာအပ်မိလိုက်သော်လည်းဘာတုန့်ပြန်မှုမှ ရှိန်းဆီကရမလာ။ ဒီနေ့ဖြစ်သွားတာက သူမရဲ့အမှားမပါမှန်း ရှိန်းသိသွားအောင် ကားပေါ်ရောက်မှပဲ ဆက်ရှင်းပြတော့မည်ဟု တွေးရင်း ငြိမ်သက်လိုက်တော့သည် ။လမ်းတစ်လျှောက်ကနေ ကားပေါ် အထိ ပွေ့ချီလာခဲ့သော်လည်း ဘာစကားမှမပြောတဲ့သူက ကားတံခါးဖွင့်ပြီး နေရာချပေးတော့ အရင်တစ်ကြိမ်တုန်းကလို ကြမ်းကြမ်းတမ်းတမ်းမလုပ်တော့ဘဲ ညင်သာစွာပွေ့ချပေး၏။
"ရှိန်း ဒီနေ့ဖြစ်သွားတာကလေ. ..."
"ဘာကိုမှမပြောပါနဲ့ "
ပြောမဲ့စကားကို ပြောခွင့်မပေးဘဲဖြတ်ပြောလိုက်တာကြောင့် စိတ်ထဲနင့်ခနဲဖြစ်သွားသည်။
ဖြေရှင်းဖို့သူ့မျက်ဝန်းတွေကိုလိုက်ကြည့်သော်လည်း မျက်လုံးချင်းအဆုံမခံဘဲ ကားမောင်းဖို့သာ တာစူနေတာကို တွေ့ရ၏။
မိုနာက သူ့လက်မာင်းကို ဆုပ်ကိုင်လိုက်ပြီး -"ရှိန်း...ငါ့ကိုကြည့်စမ်းပါ။ အဲ့လိုကြီးမနေပါနဲ့ "
"အသံက ဘာလို့ငိုသံပေါက်နေတာလဲ။ရှိန်း ဘာမှမလုပ်ရသေးဘဲနဲ့ "
ကားမောင်းနေရင်း သူမဘက်သို့လှည့်ကာပြောလိုက်တာကြောင့် မျက်ရည်ကပါ ကျလာ၏။ အသက်၃၀တောင်ကျော်နေပြီလေ။ ဘာလို့ ရှိန်း က အလိုမကျသလိုလုပ်တိုင်း ဝမ်းနည်းလာရတာလဲ။ ကိုယ့်ကိုယ်ကိုတောင် မုန်းသည် ။
"မသိဘူး. . . သေချာတာကတော့ ဒီမျက်ရည်တွေ မမ မကျချင်ဘူးရယ်"
ရှိန်းက သက်ပြင်းတစ်ချက်ကို အသံမြည်အောင်ချလိုက်သည် ။
"ရှိန်း အထင်မလွဲပါနဲ့ မမနဲ့မဟာနဲ့က ဘာမှ မဟုတ်ပါဘူး . . . သူ့မိန်းမ အက်ဆီးဒင့်ဖြစ်တာနဲ့ အလောတကြီးပြေးလာတဲ့သူက မမကို ပစ်တိုက်လိုက်တာ....အဲ့ဒါကြောင့် မဟာက ကူတွဲပေးတာ
တခြားဘာအကန့်မှ မရှိဘူး "ငိုကြီးချက်မဖြင့်ရှင်းပြသော်လည်း ဘာတုန့်ပြန်မှုမှမလာပေ ။ မသိရင် ကျောက်ရုပ်ကြီးကို စကားပြောနေရတဲ့အတိုင်းပဲ ။
တည်ငြိမ်နေသည့်မျက်နှာဟာ ဒေါသအရိပ်တွေမရှိတော့သော်လည်း သူဟာဒေါသထွက်လေ တည်ငြိမ်လေဖြစ်တတ်တာမို့ သက်ပြင်းရှိုက်ရင်းသာ နေလိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရှိန်းလည်းသက်ပြင်းရှိုက်လိုက်သည့်အချိန်နှင့်တိုက်နေတော့ နှစ်ယောက်သားမျက်လုံးချင်းဆုံမိကြ၏။ ရှိန်းက အရင်ဆုံးမျက်နှာလွှဲသည် ။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]