အခန်း(၂)

11.2K 310 7
                                    

အခန်း (၂)

အထုပ်အပိုးတွေကိုကားထဲထည့်ပြီးချိန်အထိဘာစကားမှမပြောဘဲတိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းလိုက်သူက ဘုန်းသမ္ဘာဖြစ်ကာ...

"ဇေယျ..ကားကိုသေချာဂရုစိုက်မောင်းနော်ယောက်ဖ.."

သူကသားငယ်ကိုပွေ့ချီထားရင်း နှင်းကိုလှည့်ကြည့်သည်။ နှင်းကသားကြီးလက်ကိုဆုပ်ကိုင်ထားကာ ဘုန်းသမ္ဘာလှည့်ကြည့်လာတော့ ငိုချင်နေသည့်မျက်ဝန်းတွေကိုမျက်လွှာချခြင်းဖြင့် အတင်းဖုံးဖိသည်။

"သားလေး...မေမေ့ဆီလာ.."

၂နှစ်ဆိုသောအရွယ်မှာ ဖေဖေမေမေလို့တော့ခေါ်တတ်နေပြီဖြစ်သည့်စစ်လုလင်က အမေခေါ်တော့ချက်ချင်းပါလာ၏။ နှင်း သားငယ်ကိုပွေ့ခေါ်လိုက်ရင်း သားကြီး၏လက်တွေကိုလွှတ်ဖို့ ငုံ့လိုက်လျှင် သူမလက်တွေကို တင်းကျပ်နေအောင်အဆုပ်ခံထားရသည်ကိုသတိပြုမိသည်။ ထပ်ပြီးသတိထားမိသွားတာက သားရဲ့မျက်လုံးတွေ။ မျက်လုံးထဲမှာ တလက်လက်ဖြစ်နေတာစိန်ပွင့်တွေတော့မဟုတ်နိုင်၊မျက်ရည်တွေလား။

သားကြီးဟာ မွေးကတည်းကအူဝဲဆိုသည့်အသံမထွက်ဖူးသလို တခြားကလေးတွေလိုနို့ဆာလို့တောင်မငိုတတ်ခဲ့ပါ။ သားရဲ့မျက်လုံးထဲကမျက်ရည်တွေကိုသတိထားမိလိုက်သည်နှင့် သူမနင့်ခနဲဖြစ်သွားသည်။ သူမလက်ကိုလွှတ်နိုးနိုးနှင့် နှင်းအကြာကြီးရပ်နေမိ၏။ ဒီလက်ကလေးတွေဘယ်တော့မှမလွှတ်ပါစေနဲ့လို့ ဆန္ဒပြုမိသော်လည်း...

"သားကြီး..မေမေ့လက်ကိုလွှတ်လိုက်..ဖေဖေ့ဆီလာခဲ့...."

စစ်သည်က သူ့အဖေအသံကြားမှနှင်းလက်ကိုလွှတ်၍ သမ္ဘာ့ဆီလျှောက်သွား၏။ အနားရောက်လာသည့်ကျော်ဇေယျက စစ်သည်ပခုံးကိုခပ်ဖွဖွပုတ်၍..

"လိမ်လိမ်မာမာနေရစ်နော် စစ်ကြီး..."

ပြောပြီးနောက် နှင်းနှင့်သားငယ်ကိုခေါ်၍ကားပေါ်တက်သွားတော့ သားအဖနှစ်ယောက်ရပ်နေကြသည်။

"ကို...သားကိုဂရုစိုက်နော်..ကို့ကိစ္စတွေလည်းမြန်မြန်ပြီးအောင်လုပ်နော်.."

ကားတံခါးမပိတ်ခင်လှမ်းမှာတော့ သမ္ဘာခေါင်းညိတ်ပြလျက်..

"အင်းပါ...မင်းသာသားငယ်ကိုရော..ဗိုက်ထဲက ကလေးကိုရောဂရုစိုက်.."

The Legend Of The Phoenix:The LimitWhere stories live. Discover now