အခန်း(၅၃)

2.7K 105 0
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အခန်း (၅၃)

"ကိုကြီး သမီးကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလားဟင်.."

"မချစ်ခဲ့ဘူး..."

ကိကိမျက်နှာလေး ပျက်ကျသွားသည်။ သနားစဖွယ်မျက်နှာလေးကို သူ မကြည့်ရက်စွာ မျက်နှာလွှဲလိုက်မိလျှင်...

"ကိုကြီးရေ..ကယ်ပါဦး... "

ကိန္နရီ့အော်သံကိုကြားလိုက်ရကာ သူလှည့်ကြည့်လိုက်လျှင် သူမသည် သွေးအိုင်ထဲမှာပျော့ခွေပုံလဲနေလျက် သူထိတ်လန့်တုန်လှုပ်စွာပွေ့ယူလိုက်သည့်အခါ မျက်လုံးတွေမှိတ်ကျသွားခဲ့သည့်နောက်...

"ကိန္နရီရေ ....သမီး..."

သူယူကျုံးမရစွာအော်ဟစ်၍ အိပ်မက်မှလန့်နိုးလာခဲ့၏။ တစ်သက်လုံး မောပန်းနွမ်းနယ်ခြင်းကင်းခဲ့သည့် ခန္ဓာကိုယ်ဟာ ဇောချွေးများဖြင့်ရွှဲနစ်နေခဲ့ပြီး အသက်ရှူပြင်းနေခဲ့လျက်...

ဒါဟာ သူပထမဆုံးမက်ဖူးသည့်အိပ်မက်ဆိုး။ ကိကိအတွက်စိုးရိမ်ပူပန်ရခြင်းများဖြင့် သူနိုးထလာခဲ့၏။ မျက်နှာသစ်၍ အဝတ်အစားလဲကာ မောင်လှမျိုး(ချင်းချောင်းခြံ)၏အလွမ်းဖြင့်နိဂုံးချုပ်လိုက်သည် စာအုပ်ကြားထဲမှ မိသားစုဓာတ်ပုံအဟောင်းလေးကို ယူကြည့်မိသည်။ မိသားစုနှင့်ပျော်ရွှင်စွာနေထိုင်သွားခွင့်၊ ချစ်သူနှင့်လက်ထပ်ပေါင်းစည်းခွင့်ဆိုတာ...

သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
တစ်ယောက်သူသာ
ပျက်လင့်ရာသည်
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာ
ရေမျက်နှာထက်
ခေတ္တတက်သော
ရေပွက်ပမာ
တစ်သက်လျာတည်း...
အနန္တသူရိယအမတ်ကြီး၏တုံ့မယူလို ကဗျာကိုခပ်တိုးတိုးရေရွတ်နေသည့်ဦးလုံအသံကို ကြားလိုက်ရကာ သူ ထိုအနားသို့လျှောက်လာသည်။ သူ့စိတ်ထဲမှာ ဒီကဗျာကြောင့်ပဲ အဖြစ်ဆိုးတစ်ခုခုဖြစ်တော့မည့်နိမိတ်ကိုခံစားမိလိုက်ကာ...

"ဦးလုံ... "

"နိုးပြီလားလူလေး..ထမင်း​ကြော်ရှိတယ် ၊ စားလိုက်ဦး.."

The Legend Of The Phoenix:The LimitWhere stories live. Discover now