အပိုင်း(၃) အခန်း(၃၉)

2.9K 121 3
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အပိုင်း(၃)
အခန်း(၃၉)

ဖီးနစ်နှင့်ကံကြမ္မာစစ်ပွဲ
🔥🔥🔥🔥🔥🔥🔥🔥

ညဉီးဆိုပေမဲ့ အမှောင်ထုက သိပ်သည်းနေ၏။ ဆောင်း၏အငွေ့အသက်ကြောင့် ချမ်းစိမ့်အေးခဲနေသည်။
ဉီးလုံကတော့ ဘုရားရှိခိုးနေပြီ။ စစ်သည် အတွင်းခန်းထဲ ဝင်လာကာ မီးအိမ်ထွန်းလိုက်၏။ သူ ငယ်ငယ်က တစ်ကြိမ်ပဲ ဖတ်ခဲ့ရပြီး ဆက်ဖတ်နိုင်ဖို့ အင်အားမရှိလောက်အောင် ကြေကွဲစရာကောင်းသည့် ဖေဖေ့ ဒိုင်ယာရီ ကိုယ်ရေးမှတ်တမ်းစာအုပ်ကြီးကို စားပွဲပေါ်တင်၍ စာရွက်တွေကို ဖြည်းဖြည်းချင်းပဲ လှန်လှောနေခဲ့သည်။

ရန်ငြိုးတို့၏နိဒါန်း

ကျွန်ုပ်သည် ဆရာမာဃ၏ သားတပည့်ဖြစ်သလို တူသားအရင်းအချာလည်း ဖြစ်သည်။ ကျွန်ုပ်ထံတွင် မွေးရာပါ သဘာဝလွန်စွမ်းအားဟုခေါ်သည့် ထူးခြားဆန်းကြယ်သော စွမ်းအားများ ပိုင်ဆိုင်ခဲ့သည်။ ဆရာမာဃသည် ကျွန်ုပ်၏ စွမ်းအားများကို အချည်းနှီး မဖြစ်စေလိုသဖြင့် အတ္တဟူသော ကိုယ်ကျိုးအတွက်မကြည့်စေဘဲ ပရဟူသော အများအကျိုးအတွက်သာ ကြည့်ရမည်ဟု ကျွန်ုပ်လူမှန်းသိတတ်စ အရွယ်ကတည်းက ဆုံးမခဲ့သည်။ ကျွန်ုပ်သည် ဆရာ့ထံမှ လောကီပညာရပ်များကို တစ်ဖက်ကမ်းခပ် လေ့လာလိုက်စားခဲ့သည်ဖြစ်ရာ ထိုအတတ်ပညာရပ်များတွင် ဆရာတစ်ဆူဖြစ်လာခဲ့သည်။ ကျွန်ုပ်၏ဘဝတွင် လူကောင်းသူကောင်းများကိုသာ ပေါင်းသင်းဆက်ဆံခဲ့ပြီး ဗာလာနလူမိုက်များအား ခပ်ဝေးဝေးမှ​ရှောင်ကြဉ်ခဲ့သည်။ သို့သော် ကံကြမ္မာသည် ကျွန်ုပ်အား ဆိုးရွားသော ရေစက်များနှင့် တွေ့ဆုံစေခဲ့၏။

''မင်းက ဘုန်းသမ္ဘာ ဆိုတာလား...''

ကျွန်ုပ်ထံသို့ မမျှော်လင့်ဘဲရောက်ရှိလာသော ဧည့်သည် လူထွားကြီးက တိုက်ပုံအင်္ကျီနှင့် ချည်ချောလုံပုဆိုးကို ဝတ်ထားသော်လည်း ဆံပင်ရှည်နှင့် မုတ်ဆိတ်များကြောင့် မြန်မာဆန်ဆန် သိမ်မွေ့မှုမရှိဘဲ ခက်ထန်ကြမ်းတမ်းနေ၏။ လူဝကြီးက ဆက်ပြောပြန်သည်။

''မင်းက အင်္ဂဝိဇ္ဇာတွေ၊ ဓာတ်ပညာတွေ အတော်ကျွမ်းတယ်ဆို...''

''ဘာကိစ္စရှိလို့ပါလဲ...''

''မင်းရဲ့ ပညာနဲ့ ငါ့သားကို ကုပေးစမ်းပါ...''

''ကျုပ်က ဆေးဆရာမဟုတ်ဘူး...''

''ငါ့သားရဲ့ ရောဂါက ဘာရောဂါလဲ ၊ ဘယ်လို ကုသရမလဲဆိုတာ မင်းသူ့ကိုမြင်ရင် ကောင်းကောင်းသိမှာပါ ၊ ကျုပ်နဲ့ လိုက်ခဲ့ပေးပါ ၊ သေရေးရှင်ရေး မို့ပါ...''

လူ့အသက်တစ်ချောင်းတော့ ကယ်နိုင်ကောင်းပါရဲ့ ဆိုသည့်အတွေးဖြင့် ထိုလူကြီးခေါ်ရာသို့ လိုက်သွားခဲ့ရသည်။
ကျွန်ုပ်ကိုခေါ်လာသည့် လူထွားကြီးက နန်းတော်တမျှ ခမ်းနားလှပသည့် အိမ်ကြီးထဲသို့ ရောက်သည့်အခါ...

'' အပေါ်ဆုံးထပ်မှာ မင်းကုပေးရမယ့် လူနာရှိပါတယ်။ သခင်မကြီးလည်း သူ့သားနားမှာရှိပါတယ်၊ မင်းကို ငါ့သားလို့ လိမ်ပြောမိတာ စိတ်မရှိပါနဲ့၊ သခင်မကြီးက လူသိမခံချင်တဲ့အတွက်ကြောင့် ဒီလို လူလွှတ်လိုက်တာပါ။ မင်းဝင်သွားလိုက်ပါ....''

ကျွန်းလှေကားထစ်တွေအတိုင်း ကျွန်ုပ် အပေါ်ထပ်သို့တက်လာခဲ့၏။ အစောင့်တွေက ကျွန်းတံခါးကြီးကို ဖွင့်ပေးသည်။ ပေသုံးဆယ်နီးပါး ကျယ်ဝန်းသည့် အခန်းကြီးထဲသို့ လှမ်းဝင်ခဲ့လျင် အမျိုးသမီးကြီးတစ်ဉီးနှင့်သုံးနှစ်အရွယ် ကလေးမလေးတစ်ဉီးအပြင် အဘိုးအို တစ်ဉီးကိုပါ ကျွန်ုပ်​မြင်လိုက်ရ၏။ ထို့ပြင် ကုတင်ပေါ်မှာ လဲနေသည့် လူငယ်တစ်ယောက်ကိုပါ တွေ့လိုက်ရ၏။
ကျွန်ုပ်၏ အသိအာရုံအရ အဘိုးအိုမှာ သမားတော်ဖြစ်ပြီး အမျိုးသမီးကြီးမှာမူ လူငယ်၏အမေ ဖြစ်တန်ရာ၏။ ကလေးမလေးကတော့ သမီးလေးပဲဖြစ်လိမ့်မည်။

''သမားတော်ကြီး ကျွန်မသားလေး အခြေအနေ ဘယ်လိုရှိလဲဟင်....မသက်သာဘူးထင်တယ်...''

စက္ကန့်တိုင်း ညည်းညူနေသည့် သားဖြစ်သူကို ကရုဏာမျက်ဝန်းများနှင့်ကြည့်ပြီး မေးလိုက်သော်လည်း သမားတော်ကြီးက ခေါင်းခါပြ၍...

''သူ့ရောဂါကို နာမည်တပ်လို့မရဘူး...ကျုပ်အထင်တော့ အမှောင့်ပယောဂတွေက ပြုစားထားတယ်လို့ ထင်တယ်...ကျုပ်ခေါ်ခိုင်းထားတဲ့ လူငယ်ရောက်လာမှ သိရမယ်...''

သမားတော်ကြီးက ပြောနေဆဲမှာပဲ ကျွန်ုပ်ကို မြင်သွားပုံရ၏။

The Legend Of The Phoenix:The LimitWhere stories live. Discover now