အခန်း(၁၆)

4.1K 138 3
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အခန်း(၁၆)

"ကိုကြီးကိုတွေ့ခဲ့တယ်ဟုတ်လား.."

ဘေဘီ မျက်လုံးပြူးလေးနှင့်မေးရင်း ကိကိနားမှာဆတ်ခနဲဝင်ထိုင်သည်။ ကိကိကခေါင်းညိတ်ပြရင်း..

"ကိုကြီးက မမကိုမမှတ်မိဘူးထင်တယ်..."

"နေပါဦး မမရဲ့.. အဲ့လူကြီးက မမရဲ့ကိုကြီးဆိုတာသေချာလို့လား.. လူတူမရှား နာမည်တူမရှားပဲဥစ္စာ.."

"ကိုကြီးပဲဆိုတာ မမသေချာသိနေတယ်ဘေဘီ..မမရဲ့နှလုံးသားထဲကနေ အလိုလိုသိနေတာ..သူနဲ့ထပ်တွေ့ရလိမ့်မယ်လို့လ​ည်း ခံစားမိနေတယ်...."

"အချစ်က အတော်စွမ်းအားရှိတာပဲနော်..."

ဘေဘီက တွေးတွေးငေးငေးလေးပြောနေသည်။ ဘေဘီပြောသလို အချစ်ကစွမ်းအားရှိသည်ဆိုသည့်အချက်ကို သူမအကြွင်းမဲ့လက်ခံသည်။ ကိုကြီး သူမကိုမမှတ်မိတာမဟုတ်ပါ။ တမင်တကာရှောင်ထွက်သွားခြင်းသာဖြစ်သည်ဟု ရိပ်မိနေသည်။ ကိုကြီးမျက်လုံးတွေထဲမှာ သူမကို စိမ်းသက်ခြင်းတွေရှိမနေပါ။ လူကိုမမှတ်မိနိုင်လျှင်တောင် သူမလည်ပင်းက လည်ဆွဲကိုတော့ မှတ်မိနိုင်လိမ့်မည်။

ဘုရားမှာ ဖုန်းပျောက်သွားတုန်းက ပြန်လာပေးသည့်သူဟာလည်း ကိုကြီးပဲဆိုတာ တပ်အပ်ပြောနိုင်ခဲ့ပြီ။

"ဟိုတစ်ခါ ဘုရားမှာမမဖုန်းပျောက်သွားတုန်းကပြန်လာပေးတာကိုကြီးပဲ..."

"ဟယ်တော်...တကယ်လား...ဒါနဲ့တောင် သူကမမကိုမမှတ်မိတာအံ့သြပါရဲ့..မမငယ်ရုပ်လည်း မပြောင်းဘဲနဲ့..."

ဘေဘီ့ကို ဘုရားမှာဖြစ်ခဲ့သည့်အဖြစ်တွေပြန်ပြောပြရင်း..

"ကိုကြီးကနားလည်ရခက်တယ်..."

ငယ်စဥ်အချိန် ကျောက်စိမ်းလည်ဆွဲကိုတောင်းစဥ်တုန်းကမပေးခဲ့ဘဲ ပြန်ခါနီးမှ ဘာစိတ်ကူးပေါက်သည်မသိ အပိုင်ဟုဆို၍ချွတ်ပေးခဲ့သည်။ သူပေးခဲ့သည့်လည်ဆွဲကို လည်ပင်းမှာသူဆွဲပေးထားသည့်အတိုင်းပဲရှိစေခဲ့လျက် ဒီလည်ဆွဲကြောင့် သူမ မည်သည့်လက်ဝတ်ရတနာကိုမျှမဆင်မြန်းခဲ့ဖူးပါ။ ဒီလည်ဆွဲဟာ သူမအတွက်တော့ ကိုကြီး၏အရိပ်ပဲဖြစ်လေသည်။

The Legend Of The Phoenix:The LimitWhere stories live. Discover now