အခန်း(၂၅)

3K 109 2
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

    အခန်း(၂၅)
   

"ဟိုတစ်နေ့က ညွှန်ချုပ်ကြီးရဲ့နှစ်ပတ်လည်ပွဲမှာ စစ်လုလင်ဆိုတဲ့ ဒုရဲအုပ်ပေါက်စကိုတွေ့လိုက်ရတာ ရင်ထဲမှာဘဝင်မကျမိဘူး..."

ကျွန်းဆက်တီပေါ် ခပ်လျှောလျှောမီရင်း မီးညှိထားသည့်စီးကရက်ကိုလည်း မသောက်ဖြစ်ပါ။ မီးကြောင့်ရဲနေသည့်စီးကရက်က တတိတိနှင့်လှိုက်စားသွားကာ တစ်ဝက်လောက်ထိ ပြာတွေကြွေကျနေ၏။ သီဟစက်က စီးကရက်၏အနိစ္စသဘောကို ရှုကြည့်နေပြီးမှ မျက်နှာမော့လာကာ မျက်လုံးများက အနားမှာထိုင်နေသည့်လင်းယုန်ထံသို့ တန်းမတ်စွာစူးစိုက်လာ၏။

"မင်းအဲ့ဒီနေ့က ဘာကိုမြင်လိုက်လို့ထထွက်သွားတာလဲလင်းယုန်.."

ဒါကိုမေးလိမ့်မည်ဟု ထင်မထားသဖြင့် လင်းယုန် ရုတ်တရက်ဘာဖြေရမှန်းမသိဖြစ်ကာ ဖီးနစ်ဆီမျက်လုံးတစ်ချက်ဝေ့ကြည့်သည်။ ဖီးနစ်က သူနေရာယူနေကျခုံရှည်ပေါ်မှာ လက်ပိုက်လျက်သား အိပ်ပျော်နေကာ အိပ်မက်များပင်မက်နေသလားမသိ။ အဲ့ဒီကောင်ဟာ လူစုံပြီဆိုအမြဲအိပ်ငိုက်နေပြီ။ ဟိုကောင်မလေးကို စစ်ဆေးမေးမြန်းဖို့အစီအစဥ်ဟာ သင်း ကဖျက်ယဖျက်လုပ်လို့ ပျက်ခဲ့ရသည်ဖြစ်ရာ..

"အဲဲ့ဒီနေ့တုန်းက အတော်လှတဲ့ကောင်မလေးတစ်ယောက်ကိုမြင်လိုက်မိလို့ နောက်ထပ်တွေ့လိုတွေ့ငြားအပြင်ထွက်ရှာမိတာပါ.."

အဆင်ပြေမည့်စကားလုံးကို ရွေးချယ်၍ပြောလိုက်ရတာမလွယ်ပါ။ ငှက်ရုပ်က ဘာငှက်ရုပ်မှန်းမသဲကွဲသဖြင့် ရမ်းသမ်းဖြေလိုက်လျှင် ပိုရှုပ်ကုန်မည်။ လင်းယုန်အဖြေကိုသဘောကျသွား၍လားမသိ။ သီဟစက်က ဟက်ခနဲရယ်သည်။

"အဟက်...ခန်းမထဲကတောင် တကူးတကထွက်ရှာရတယ်ဆိုတော့ ကောင်မလေးက အတော်လှလို့ပဲဖြစ်ရမယ်..."

စားပွဲပေါ်ကဖန်ခွက်ထဲမှာ အဆင်သင့်ငှဲ့ထားသည့်ဝီစကီကိုမသောက်ရသေးပါဘဲ လင်းယုန်လည်နင်သွားသည်။ တစ်ဆက်တည်းမှာပဲ သူ့ကိုဂျစ်တိဂျစ်ကန်ကြည့်၍ လက်ကိုကိုက်ဆွဲသွားသည့် ကလေးမမျက်နှာကိုမြင်ယောင်သွားမိ၏။ ထိုမိန်းကလေးကိုက်သွားသည့်လက်မှာအခုထိယားကျိကျိဖြစ်နေတုန်း။ ခွေးသူတောင်းစားမလေး။
ပြန်တွေးမိတော့ ဒေါသတွေက ပြန်ကြွလာကာ စိတ်ထဲမှကျိန်ဆဲလိုက်မိသည်။ ဖီးနစ်ကိုလ​ည်းအစာမကျေဖြစ်နေရဆဲ။

The Legend Of The Phoenix:The LimitWhere stories live. Discover now