အခန်း(၄၀)

3K 112 2
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အခန်း(၄၀)

"လူလေး..မိုးလင်းပြီ..ထတော့..."

ဦးလုံအသံကို သူကြားနေရသော်လည်း စိတ်တို့က နိုးထဖို့ကို ငြင်းဆန်နေကြ၏။ မျက်လုံးတွေပွင့်လာတော့ ပါးပြင်မှာ စိုစွတ်စွတ်ဖြစ်နေသည့်အရာကို လက်နှင့်အသာစမ်းကြည့်လျှင် မျက်ရည်တွေဖြစ်နေသည်။ ငိုကြွေးခြင်းကိုစက်ဆုပ်၍ မျက်ရည်တွေကိုမုန်းတတ်ခဲ့သည့်သူ ပါးပြင်ကိုကြမ်းတမ်းစွာ ပွတ်သုတ်လိုက်ရင်း..

"ကျွန်တော် ညကအိပ်တာညဥ့်နက်သွားတယ်ဦးလုံ.."

စစ်သည်က ဘယ်လောက်ပဲအိပ်ရေးပျက်ပါစေ၊အိပ်မှုန်စုံဖွား မကြည်မလင်ဖြစ်သည့်ပုံစံ ဘယ်တော့မှမရှိဘဲ အမြဲနိုးကြားဖျတ်လတ်နေတတ်သူဖြစ်၏။
မျက်နှာသစ်၊ကိုယ်လက်ဆေးပြီး အဝတ်အစားလဲကာ ကားသော့ယူ၍ အိမ်ပြင်သို့ထွက်လာခဲ့၏။

"ကျွန်တော် ဟိမဝန္တာကိုပြန်လိုက်ဦးမယ်..."

လျင်မြန်လွန်းသည့်သူ့ကို ဦးလုံ တားချိန်မရလိုက်ပါ။ စစ်သည် လမ်းတစ်လျှောက်လုံးမှာ သူကျင်လည်ဖြတ်သန်းခဲ့ရသည့်ဘဝကိုပြန်တွေးနေခဲ့မိသည်။

"ဖီးနစ်တဲ့လား..မီးလိုပူလောင်တဲ့နာမည်ပဲ..ဒါပေမဲ့နာမည်နဲ့ဆန့်ကျင်ဘက် အရမ်းကိုအေးစက်လွန်းတဲ့ပုံစံ...ငါသဘောကျတယ်.."

သီဟစက်က ဟိမဝန္တာစံအိမ်အတွင်းသို့ အမှုထမ်းအဖြစ်ရောက်ရှိလာခဲ့သည့် သူ့ကို မြင်မြင်ချင်းပဲအရေးပေးခဲ့၏။ လက်ရုံးတစ်ဆူလိုအားထားခဲ့သည်။ အလိုက်သိသော၊ သစ္စာရှိသော၊ တာဝန်ကျေပွန်သော ထို သောပေါင်းများစွာကြောင့် သီဟစက်ကိုယ်တိုင်ယုံကြည်ကိုးစားခဲ့ပြီး သူဟာ သီဟစက်၏ အပါးတော်မြဲလူယုံဖြစ်ခဲ့ရသည်။ လင်းတ၊သိမ်းငှက်နှင့်လင်းယုန်တို့သည်လည်း သူ့လိုပဲအရေးပါအရာရောက်သူများဖြစ်လာခဲ့ကြကာ လင်းတကတော့အားလုံးထဲမှာ သူ့ကိုအခင်တွယ်ဆုံးဖြစ်ခဲ့၏။

"နှင်းဆီဆူးနဲ့မင်း ပတ်သက်နေတာမာစတာသိရင် မလွယ်ဘူးနော်..."

သူ လင်းတကို အကြိမ်ကြိမ်သတိပေးခဲ့သည်။ လင်းတသည် မာစတာ့အပေါ်ဝတ္တရားမပျက် သစ္စာစောင့်သိခဲ့ရင်း နှင်းဆီဆူး၏ညွှတ်ကွင်းထဲမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့ခြင်းကြောင့် မာစတာကိုယ်တိုင် လင်းယုန်ကိုစေလွှတ်၍ သေဒဏ်ပေးခဲ့သည်။ လင်းတ အသတ်ခံရမည့်နေ့မှာ သူ ပွင့်ဖြူသို့ခရီးလွန်နေခဲ့သည်။ လင်းတအသတ်ခံရမည့်အကြောင်းကိုကြိုတင်သိရှိခဲ့သဖြင့် လင်းယုန်ကိုတားဆီးဖို့ အမြန်ဆုံးပြန်လာခဲ့သော်ငြား လင်းယုန်က လက်ဦးသွားခဲ့သည်။
သူအိတ်ကပ်ထဲမှ ကီးချိန်းလေးတစ်ခုကိုထုတ်ယူကြည့်မိသည်။ လင်းတငှက်ပုံ​ကြေးရုပ်လေးကိုသူအမှတ်တရ အဖြစ် အမြဲသိမ်းထားခဲ့ပါ၏။

The Legend Of The Phoenix:The LimitWhere stories live. Discover now