episode-14

816 13 0
                                    

"မေကေ...သမီးကို စိတ်ဆိုးနေတုန်းလား"
နောက်မှ ဖက်လိုက်ပြီး ချွဲ နေသော ‌သူမအား ဒေါ်ကေသီတစ်ယောက် ကြည့်ကာ
"ဖယ်စမ်းပါအေ...မိဘကို စိတ်ဆင်းရဲအောင် လုပ်ပြီးမှ...လာချွဲမနေနဲ့"
အတင်းတွန်းဖယ်တော့ သူမ ခွာလိုက်ပြီး
" ဒီနေ့ ဘာချက်တာလဲ မေကေ"
သူမ အုပ်ဆောင်းအား လှန်ကြည့်လိုက်တော့ သူမကြိုက်သည့်..ငါးဒန်ငပိချက်နှင့် ချဉ်ပေါင်ကြော်ပင်....
"ဝါး...မေကေ သမီးကြိုက်တဲ့ ဟင်းတွေ ချက်ထားတာပဲ ချစ်လိုက်တာ မွ...မွ"
မေကေ့ပါးအား ဖက်နမ်းလိုက်တော့ မေကေက မသိမသာပြုံးရင်း
"ညည်းအတွက်လား..သားသုတ အတွက် "
သားအမိနှစ်ယောက် ကျီစယ်နေသည်ကို သုတကြည့်ရင်း ပြုံးမိသည်....
...
"သုတ အသွေး မနေ့ကအတွက် တောင်းပန်ပါတယ်နော်"
သူမလေးက ထမင်းစားပြီးနောက် သူနဲ့စကားပြောရန်
ခြံထဲ ဆင်းလာခဲ့ကြခြင်းဖြစ်သည်။
"ရပါတယ် သွေးရယ်...ဒါပေမဲ့ ကိုယ် တကယ် သွေးတစ်ခုခုဖြစ်နေပြီဆိုပြီး အရမ်းစိတ်ပူသွားတာ...ဆေးရုံသွားတော့လည်းမတွေ့တော့...ကိုယ့်မှာ ဘယ်လိုက်ရှာရမလဲကို မသိဘူး"
သုတ တကယ် အသွေးအတွက် စိတ်ပူနေတယ်ဆိုတာ အသွေး သိသည်။
"နောက်ခါ ကျရင်သာ တစ်ခုခုဆို ကိုယ့်ကို ပြောပါ.... သွေး ခုကိုယ့်ကို ချစ်သူလို မမြင်နိုင်သေးခင်မှာ အစ်ကို တစ်ယောက်အနေနဲ့ ပြောပါ...ကိုယ်တကယ်တောင်းဆိုတာ"
"ဟုတ် သုတ...အသွေးလေ တကယ် ကျေးဇူးတင်ပါတယ်"
သူမဘ၀အတွက် မေကေသာ တစ်ဦးတည်‌းသော သူ ပင်.....
ခု သုတက အစ်ကိုတစ်ယောက်လို စိတ်ပူပေးတော့ ‌သုတကို ကျေးဇူးတင်မိပြီး တကယ်ပျော်ရသည်....
....
"ကို..ဘယ်လိုရောက်လာတာလဲ"
သူမ ဆေးကောင်တာထဲမှာ လူနာအားဆေးရှင်းပြပြီးသည့်နောက် ကြည့်လိုက်တော့ သူမအား စိုက်ကြည့်ကာ ပြုံးနေသော ထွဋ်ခေါင်အား တွေ့လိုက်ရသည်...
"သွေးကို လာကြိုတာ...ပြန်ရတော့မယ်မလား"
သူမနာရီကိုကြည့်တော့ သုံးနာရီ ထိုးတော့မည်။
"ခဏစောင့်ဦးနော် အသွေး ဂျူတီချိန်းပြီးရင် ထွက်လာခဲ့မယ်"
"အိုခေ"ဟု ထွဋ်ခေါင်က လက်ဖြင့် လုပ်ပြပြီး ဆေးရုံ အပြင်၀သို့ ထွက်လာခဲ့သည်....
"ကို စောင့်ရတာ ကြာသွားလား"
သူမ မေးတော့ ထွဋ်ခေါင်က သူမလက်ထဲမှ ထမင်းဘူးအိတ်အား ပြောင်းယူပြီး
"မကြာပါဘူး...ဒါနဲ့ သွေးမေမေကို ဆက်ထားဦး စိတ်ပူနေဦးမယ်...ကိုယ်တို့ မုန့်စားပြီးမှ ပြန်မှာဆိုတော့"
"ဆက်ထားပြီးပြီကိုရ"
သူမ သူ့လက်မောင်အား တွဲရင်း ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့သည်။
"ကို...အသွေး မေးချင်လို့ ရမလား"
"ဘာလဲ သွေး...မေးလေ"
"ကိုနဲ့ မိုမိုစံ ကိစ္စက ပြီး ပြတ်သွားပြီလားဟင်..ကို သေချာ ရှင်းပြီးပြီမလား"
သူမအမေးကို သူမဖြေနိုင်...သူ သူ့ဖေဖေကို ပြောခဲ့သည်က  မိုမိုစံနဲ့ကိစ္စကို ‌ဖျက်သိမ်းပေးဖို့ နှင့် သူ့မှာ ချစ်ရသူတစ်ခြားမိန်းကလေးရှိနေကြောင်း...သူမလေးကိုပဲ ယူမည်ဖြစ်ကြောင်းပြောခဲ့ပေမဲ့ ထိုနေ့က‌
"ခွပ်"
"မင်းက မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင်ပဲ...သမီးမိုမိုစံနဲ့ကလည်း ငါတို့‌အတင်းသဘောတူခဲ့တာ မဟုတ်ဘူး မင်းတို့အချင်းချင်း မေတ္တာမျှနေကြလို့ ‌စီစဉ်ခဲ့ကြတာကွ"
"ငါကတော့ မျက်နှာ အပျက်မခံနိုင်ဘူး...မင်းရှေ့ဆက်တိုးရင် ငါ့သားအဖြစ် ကနေ စွန့်လွှတ်ပစ်မယ်"
သူ့အဖေက ပြောပြီး အပြင်သို့ထွက်သွားခဲ့သည်။ သူ့မေမေက သူ့အနားသို့လာကာ
"သားရယ် ...ဘာတွေ လျှောက်လုပ်နေတာလဲ ...အမေဖြင့် နားကို မလည်နိုင်တော့ဘူး"    ဆိုလေသည်။
အဖေ့အားပြောမရသည့်အဆုံး ...သူ မိုမိုစံနှင့်တွေ့ကာ
"မိုမို...ကိုယ်...စေ့စပ်ပွဲ ဖျက်ချင်တယ်"
"ဘယ်လို ကိုခေါင်" မျက်၀န်းများဝိုင်းစက်ကာ အံ့ဩတကြီး ကြည့်နေသော မိုမိုစံအားကြည့်ရင်း...
"ကိုယ်တောင်းပန်ပါတယ်...ကိုယ် တကယ် ချစ်မြတ်နိုးပြီး အတူနေသွားချင်တဲ့ မိန်းကလေးတွေ့နေပြီမို့...ကိုယ်တောင်းပန်ပါတယ် မိုမို ...မိုမို့ဖေဖေကို စေ့စပ်ပွဲ ဖျက်ခိုင်းလိုက်ပါ"
မိုမိုစံ ကျဆင်းလာသော မျက်ရည်များကို ပွတ်ဖယ်လိုက်ပြီးနောက်
"ရတယ်လေ..ကိုခေါင်...မိုမို ဖေဖေ့ကို ပြောလိုက်ပါမယ်...ကိုခေါင် အဆင်ပြေအောင် လုပ်ပေးရမှာပေါ့"
ပြောတော့ သူ ကျေးဇူးတင်ပါတယ်လို့ အခါခါ ပြောခဲ့သည်....
"ကို အသွေးမေးတာ ...ဖြေပါဦး"
သူ ဘာဖြေရမှန်းမသိ...မိုမိုစံက လက်ခံခဲ့ပေမဲ့ ခုချိန်ထိ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းကြောင်းသတင်းက မထွက်လာသေး...
"ကို အကုန်ပြောပြလိုက်ပြီးပြီ...ဖျက်သိမ်းကြောင်း သတင်းကိုပဲ ကိုယ်လည်း စောင့်နေတာ သွေး"
"အင်းပါ...ကို့ကို ချစ်လို့ အသွေး ဒီလောက်ထိ ရပ်တည်နိုင်တာ...ဒီလိုကိစ္စတွေ အသွေး တစ်ခါမှ စိတ်မကူးဖူးဘူး...တကယ်လို့သာ ကိုတို့တရား၀င် မဖျက်သိမ်းရင် အသွေးက စနိုက်မ ‌ဖြစ်နေမှာ"
"သွေးရယ်...မဟုတ်တာတွေ မတွေးနဲ့..သွေးက စနိုက်တာ မဟုတ်ဘူး...ကိုယ်က လိုလိုလားလား သွေးဆီကို ၀င်လာခဲ့တာ...ပြီးတော့ ကျန်တာတွေ ကိုယ် အမြန်ရှင်းပါ့မယ် နော်..."
"ဟုတ် ကို"
ချစ်ရသူလက်အား သူမတင်းတင်း ဆုပ်ကိုင်ရင်း ‌ရင်ခွင်ထဲ မှီလိုက်လေသည်
...............................................................................
✨✨ အမှားပါရင် ခွင့်လွှတ်ပါ-စာဖတ်သူ တစ်ယောက်ချင်းတိုင်းကို ကျေးဇူးတင်ပါတယ်✨✨

**Wrong-Person** Where stories live. Discover now