အပိုင်း-၃၀
ရက်ကို လနဲ့စားပြီး အချိန်တွေကုန်လာလိုက်တာ ပြည်သာတို့နှစ်ယောက် ကိုရှိန်းအိမ်မှာပဲ သောင်တင်နေမိတာ တစ်လပြည့်တော့မည်။
တစ်လပြည့်ရင် လူကြီးတွေကတိစကားရှိတဲ့အတိုင်း ပြည်သာတို့မာမီအိမ်ကို တစ်လ သွားနေကြရဦးမည်။ ဟိုဘက်မိသားစုတွေကတော့ ပြည်သာတို့ လာနေမယ်ဆိုတော့ ပျော်နေပုံရသည်။ ပြည်သာလည်း ကိုယ့်အိမ်ကိုယ့်ရာကို လွမ်းလှပြီမို့ ပျော်သလိုတော့ရှိသည်။ သို့ပေမယ့်လည်း မျက်နှာမကောင်းလှတာက ကိုရှိန်းရဲ့မေမေ ဒေါ်သီတာ။
ဟိုဘက်အိမ်က ပြောင်းနေရတော့မယ် ဆိုကတည်းက သိသိသာသာကြီးကို ညှိုးငယ်ရိပ်သန်းနေတော့သည်။ ထမင်းကိုတောင် ကောင်းကောင်းမစားတော့။
ဒီနေ့ ဟိုဘက်ကို သွားနေဖို့ အထုပ်အပိုးတွေပြင်ပြီး ဆင်းလာကာ ဖေဖေနဲ့မေမေ့ကို ကန်တော့မှ မေမေက ထိုကဲ့သို့ ငိုလေတော့သည်။ ရှိန်းလည်း မေမေငိုနေတာမြင်တော့ စိတ်မကောင်းလှ။
"သီတာလေးရယ် မင့်သားတွေက အပြီးသွားတာမှမဟုတ်တာ၊ ဟိုမှာ တစ်လနေပြီး ပြန်လာကြမှာပဲကို ကလေးတွေ စိတ်မကောင်းအောင် အဲ့လိုကြီး မနေစမ်းပါနဲ့"
ဖေဖေကတော့ ဖေးဖေးမမပြောပေးရှာသည်။ သို့သော်လည်း
"အို မောင်က ဖအေလေ ဘယ်ခံစားရပါ့မလဲ၊ သီတာကတော့ အမေရှင့် အမေ၊ လာမတားနဲ့ ငိုမှာပဲ"
တရှုံ့ရှုံ့ငိုနေသော မေမေကြောင့် ရှိန်းရောပြည်သာပါ ဘယ်လိုချော့ရမှန်းတောင် မသိတော့ချေ။
ရှိန်းလည်း ထိုင်ရမလို ထရမလို ဖြစ်နေသည်။
ဒါကို အလိုက်သိတဲ့ပြည်သာက ပုဆစ်ဒူးတုပ်ထိုင်နေရာမှထကာ မေမေနားကို သွားထိုင်ပြီး လက်ကို ခပ်ချွဲချွဲလေး ဆွဲလေသည်။
"တစ်ပတ်တစ်ခါလောက် သားတို့လာလည်မယ်လေ မေမေရဲ့"
"ဟိုအိမ်ရောက်ရင် အပျော်လွန်ပြီး မေမေ့ကို မေ့သွားမှာမလား"
"ဘယ်ကသာ မေ့စရာလား၊ တစ်လပြည့်လို့ ဒီအိမ်ကိုပြန်လာရင် မေမေ့အတွက် အင်ဒိုနီးရှားပါတိတ် ဝယ်ခဲ့မယ် ဟီး"
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"