အပိုင်း - ၂၆
"ကိုကို..."
"ဟင်..."
အကောင်ပေါက်လေးခွံ့ကျွေးလာသော လိမ္မော်သီးစိတ်လေးအားစားရင်း ထက်ကိုရှိန်းထူးလိုက်မိသည်။ အရာအားလုံးကို မမှတ်မိပေမယ့် ဒီကောင်လေး ကိုကိုလို့ခေါ်တာက သူ့တစ်ယောက်တည်းရှိတာမို့ ကိုကိုဆိုတာနဲ့ ပါးစပ်က ထူးပြီးသားဖြစ်နေမိသည်။
ထိုကောင်လေးက လက်ထဲကဖုန်း Screen အား ထက်ကိုရှိန်းဘက်သို့ တွန်းပြကာ
"ဒီပုံမှတ်မိလားဟင်... ဒါက ကလေးတို့ မေဂျာ လေ့လာရေးခရီးထွက်တုန်းက ရိုက်ထားတဲ့ပုံလေ၊ ဒီဘက်က ကိုကို့သူငယ်ချင်းတွေလေ၊ ဒီလူက ကိုမော်ကွန်းတဲ့၊ သူက အူကြောင်ကြောင်နဲ့ ဆရာကြီးပုံစံအမြဲဖမ်းတတ်ပြီး စကားကြီးစကားကျယ်တွေပြောတတ်တဲ့သူပေါ့။ ဒီဘက်ကတစ်ယောက်က မမဒီးတဲ့၊ ကိုကိုတို့အဖွဲ့မှာ တစ်ဦးတည်းပါတဲ့ မိန်းကလေးလေ၊ ဒီဘက်က ကိုရတုတဲ့။ ကိုရတုက မဒီးဒီးရဲ့ချစ်သူကောင်လေးလေ"
ချစ်သူကောင်လေးဆိုတဲ့နေရာအရောက်မှာ ပေါက်စရဲ့အသံလေးက နစ်ဝင်သွားသလို တိုးညှင်းသွားသည်။ သေချာပေါက် စိတ်အားငယ်သွားတဲ့ အသံမျိုးပင်။ ရက်တွေကြာပြီးနောက် ဆေးရုံဆင်းရမည့် ရက်ကိုတောင် ရောက်ရှိလာလေပြီ။ ဒီကာလတွေမှာ ပေါက်စလေး သူ့အပေါ်ဆက်ဆံတဲ့ပုံစံကိုကြည့်ပြီး သူတို့နှစ်ယောက်ဟာ ဘယ်လိုဆက်ဆံရေးမျိုးလဲဆိုတာ ထက်ကိုရှိန်း ရိပ်မိပြီးသားပင်။
သေချာမမှတ်မိပေမယ့် ဒီကောင်လေး ရှိနေလျှင် ပျော်သည်။ စိတ်သက်သာသည်။ အရာရာ လုံခြုံပြည့်စုံနေသလိုခံစားရသည်။ နိုးလာလို့ ထိုကောင်လေးကို မတွေ့ရလျှင် ပါးစပ်ကနေ ဘယ်သွားလဲ ထုတ်မေးရတဲ့အထိ ထက်ကိုရှိန်း ပျော်ဝင်နေမိသည်။
ပြည်သာက ထူးဆန်းသည်။ သူ နိုးနေတဲ့အချိန်တွေဆို အသံစွာစွာလေးနဲ့ တက်ကြွရွှင်လန်းနေပြီး ခပ်ပျော်ပျော်နေပြတတ်ပေမယ့် သူ အိပ်သွားပြီထင်တဲ့အချိန်တွေမှာ ကုတင်ဘေးမှာ ခွေခွေလေးထိုင်ပြီး တအီအီနဲ့ ငိုနေတတ်သည်။ သူ့ရှေ့မှာထုတ်မပြပေမယ့် ဒီကောင်လေးဝမ်းနည်းနေတာကတော့ အသေအချာပင်။
BINABASA MO ANG
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"