Bonus Part
ကျောပေးအိပ်နေသော ပြည်သာလေးကိုကြည့်ရင်း ရှိန်း ရင်တွေပူနေရတော့သည်။ အောက်နှုတ်ခမ်းကို နာနာလေးထိကိုက်လိုက်ပြီး အရစ်ရှည်လွန်းတဲ့ ကိုယ့်ပါးစပ်ကို အပြစ်ပေးလိုက်မိ၏။ ဒီတိုင်း အသာလေးစားလိုက် ပြီးနေတာကို အရစ်ရှည်မိလို့ အခုတော့ မျောက် မီးခဲတက်နင်းမိသလို ထိုင်ရမလိုထရမလို ဖြစ်နေရတော့သည်။
ဖြစ်ပုံက ဒီလို။
ဒီနေ့ ရုံးပိတ်ရက်မို့ ရှိန်းတို့အိမ်ကို နှစ်ယောက်သား လာလည်ကြရင်း ညအိပ်ဖြစ်သွားကြတယ်။
ညစာစားပြီး ရှိန်းနဲ့ဖေဖေက လတ်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး အကျိုးအပြစ်တွေကို ငြင်းကြခုန်ကြရင်း အာလူးဖုတ်နေကြတယ်။
မေမေကတော့ ကိုရီးယားကားကြည့်ရင်းနဲ့ ရှိန်းတို့စကားဝိုင်းထဲကို တစ်ခါတစ်ခါ ဝင်ငြင်းခုန်သေးတယ်။ ပြည်သာကတော့ မေမေအနားမှာထိုင်ရင်း ဇာတ်ကားကြည့်သလို ရှိန်းတို့ပြောတာပဲ နားထောင်နေသလို လုပ်နေတယ်။
မေမေကြည့်နေတဲ့ ကိုရီးယားကားက ပြည်သာကြည့်ပြီးသားမို့ ဒီကောင်လေး ပျင်းနေတော့မှာ သေချာတယ်။ ရှိန်းဘက်ကို ခဏခဏလှည့်ကြည့်ပြီး မျက်လုံးကစားနေတာကို လှမ်းမြင်နေရတယ်။
ဟိုဘက်အိမ်မှာဆိုရင်တော့ ဇော်ထက်ရော ကိုကြီးနေသာရော ရှိနေတာမို့ ရှိန်းအနားကို သိပ်မကပ်ပေမယ့် ဒီဘက်အိမ်မှာဆိုရင် ရှိန်းကို မျက်စိအောက်က အပျောက်မခံ။ အင်္ကျီစကိုလက်ကကိုင်ပြီး နောက်ကနေ လိုက်မနေရုံတမယ် ပြည်သာက ရှိန်းအနားမှမခွာ။
အခုဆိုရင် ဘွဲ့လည်းရနေပြီမို့ ရှိန်းကတော့ ဖေဖေ့ကုမ္ပဏီမှာပဲ အလုပ်ဝင်လုပ်ကာ အောက်ခြေကစပြီး သင်ယူနေသည်။
မေမေကတော့ စီးပွားရေးဘွဲ့တစ်ခုခုထပ်ယူရန် ပြောပေမယ့် ဒီအရွယ်ကြီးရောက်မှတော့ ရှိန်း မိဘလုပ်စာထိုင်မစားချင်တော့။
နောက်ပြီး ရှိန်းမှာက တစ်ဝမ်းတစ်ခါးစာမဟုတ်တော့။ ချစ်ရတဲ့ပြည်သာ မျက်နှာမငယ်ရရေးအတွက် ရှိန်းအလုပ်ကြိုးစားမှရမည်။
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"