2

262 20 0
                                    


(၂)

မွှေးလိုက်တာ။ ကျွန်မ အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်မိသည်။ ကျွန်မတစ်ကိုယ်လုံး နွမ်းနယ် ရီဝေနေသမျှ လန်းဆန်း သွားတော့သည်။

“Ms.Ahn Yujin ကျွန်တော် ကားတံခါးတွေချထားတယ်။ အပြင်ကို လှမ်းကြည့်လိုက်စမ်းပါဦး”

အပြင်သို့ လှမ်းမကြည့်မီ သင်းပျံ့ကြိုင်လှိုင်နေသည့် မွှေးရနံ့ကို အရင်ဆုံး ရလိုက်သည်။ ထို့နောက်မှ ကားရှေ့မှန်မှ တစ်ဆင့် ဖြတ်သန်းပြီးမြင်နေရသော ခရမ်းရောင်၊ ထို့နောက် ကား၏ ဘယ်ဘက်မှာလည်း ခရမ်းရောင်။

ပြာလဲ့လဲ့ကောင်းကင်အောက်က ခရမ်းရောင်လွင်ပြင်ကြီး တစ်ခုအလယ်တွင် ကျွန်မတို့၏ကားကလေး ခပ်ဖြည်းဖြည်း ရွေ့လျားနေတာပါလား။

ကြည့်လေရာရာသည် မိုးကောင်းကင်မှ တစ်ပါး အားလုံးခရမ်းရောင်၊ တစ်ညီတည်း ခရမ်းရောင်၊ မပြောင်းမလဲ မကွဲပြားသော ခရမ်းရောင်လွင်ပြင်တစ်ခုပါ။ မိုးကုပ်စက်ဝိုင်းအပြည့် ကြီးမားသော ပန်းချီကားတစ်ခုထဲသို့ မှော်ပညာဖြင့် ကျွန်မ ရောက်နေရသလိုပါပဲ။

လှလိုက်တာ။ လာဗင်ဒါ ပန်းခင်းကြီးတွေလား။

ရင်ထဲမှာ ဆွတ်ပျံ့နာကျင်လာ၏။

“ကား ခဏ ရပ်လို့ ရမလားဟင်”

“ရတာပေါ့ ”

ကားရပ်လျှင် ရပ်ချင်း ကျွန်မ ကားပေါ်မှ အပြေးဆင်းလိုက်သည်။ မြေနီလမ်းလေးသည် ကားနှစ်စင်း ရှောင်သာရုံမျှသာ ကျယ်သည်။ လမ်းကလေး၏ ဟိုဘက်သည်ဘက် နောက်ပြီး မိုးကုတ်စက်ဝိုင်းအစွန်းအထိ မျက်စိတစ်ဆုံး ပန်းလွင်ပြင်ကြီးပါလား။ အို မွှေးလိုက်တာ။ ကျွန်မသည် အလိုအလျောက်ပင်မျက်စိကို မှိတ်ပစ်လိုက်မိသည်။

ရှေ့ကိုဆက်လျှောက်၊ မြေနီလမ်းကနေ ဆင်းလိုက်သည်နှင့် တစ်ပြိုင်တည်း ပန်းခင်းထဲသို့ ကျွန်မ ခြေလှမ်း လှမ်းမိပြီးသား။

ဒီလိုနေ့မျိုးမှာ ဟောဒီခရမ်းရောင်လွင်ပြင်ကြီးကို မြင်ရတာ ကျွန်မအတွက် ထူးခြားမှုတစ်ခုပါ။ မင်္ဂလာတစ်ခုပါ။ ကျွန်မထင်တော့ ထင်နေပါရဲ့။ ဒီနှစ်Youngမွေးနေ့သည် ခါတိုင်းနှစ်တွေထက် ပိုပြီး ထူးခြားလိမ့်မည်။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now