9

77 11 0
                                    



နောက်တစ်နေ့ညမှာတော့ ကျွန်မအတွက် ဝမ်းနည်းစရာ ...ပြီးတော့ တုန်လှုပ်ထိတ်လန့်စရာ အဖြစ်ကို ကြုံရလေသည်။

ညသန်းခေါင်ကျော် သံပန်းတံခါးကို တဂျိုင်းဂျိုင်း ထုပြီး အော်ခေါ်သည့်အသံတွေကို ကြားရသည်။

“ဧည့်စာရင်းစစ်ပြီ ထင်တယ်” ဟု မေမေက ပြောသည်။

ဘွားဘွားက “ဒီအချိန်ကြီးမှာလားအေ။ မထိတ်သာမလန့်သာ” ဟု အိပ်ချင်မူးတူးအသံဖြင့် ထထိုင်ဖို့ကြိုးစား၏။

“အမေ နေ နေ ကျွန်မ သွားဖွင့်လိုက်မယ်”

နောက်တော့မှ ကျွန်မတို့အိမ်ကို မဟုတ်ဘဲ အကိုJimin တို့အိမ်ကို လာနှိုးတာ ဖြစ်နေသည်။ လူအုပ်စုက အကို Jimin အမေနာမည်ကို လှမ်းအော်ပြီး နိုးနေကြခြင်း ဖြစ်သည်။ ကျွန်မတို့အိမ် မဟုတ်သဖြင့် ကျွန်မ ကြောက်စိတ် လျော့သွားသည်။ ဘွားဘွားက စိပ်ပုတီးကို လက်မှာကိုင်လျက် အခန်းထဲမှ ထွက်လာရင်း မျက်နှာအပျက်ပျက်ဖြင့် မေမေ့ကို တိုးတိုးပြောသည်။

“Jimin ကို ငါပြောပါတယ်။ Seunghoon လို သွားရှောင်နေလို့။ ဒီကလေး ခေါင်းမာတယ်။ မပြေးဘူး”

“အမေကလည်း ဧည့်စာရင်းစစ်တာဖြစ်မှာပါ။ Jimin က ကလေးပဲ။ ဖမ်းမှာမဟုတ်ပါဘူး”

“ဧည့်စာရင်းက သူတို့တစ်အိမ်တည်း စစ်တာလားအေ ညည်းနှယ် မယုံကြည့်နေ လူကို ရှာချင်တာ”

အကိုJimin တို့အိမ်မှာ လျှပ်စစ်မီးတွေ ရုတ်တရက် လင်းထိန်သွားသည်။ ထို့နောက် ခပ်အုပ်အုပ်စကားသံတွေ၊ လေသံမာမာဖြင့် ပြောသည့်အသံတွေ၊ ပြီးတော့ တံခါးဖွင့်သံ ပိတ်သံများ။ ထို့နောက် လူလေးငါးယောက်၏ ဘွတ်ဖိနပ်ခွာသံများ၊ အုပ်စုလိုက်ခြေသံများ၊ ကျွန်မ ခေါင်းရင်းအိမ်ဘက်သို့ ကြည့်သည့် ပြတင်းပေါက်ကို ခပ်ဟဟ ပွင့်နေရာကနေ အကျယ်ကြီးပွင့်အောင် ဖွင့်လိုက်တော့ မေမေက ကျွန်မလက်ကို လှမ်းဆွဲထားသည်။

“သမီး မဖွင့်နဲ့”

ပြတင်းကို မေမေက ပြန်ပိတ်လိုက်သည့်အခါ စောစောက မြင်နေရသမျှ မီးရောင်လေးတောင် မမြင်ရတော့ပေ။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now