22

86 9 0
                                    


(၂၂)

ပထမတော့ ကျွန်မ မြင်နေရသည့် အခန်းတစ်ခုလုံး၏ မြင်ကွင်းကို ကျွန်မ၏ငယ်ဘဝဟု ထင်ခဲ့၏။ တကယ်တော့ ကျွန်မ၏ငယ်ဘဝမဟုတ်။ Young ငယ်ဘဝသာ ဖြစ်၏။ Young အသက် ဆယ့်လေးနှစ်သမီးအရွယ်ကနေ ကျွန်မနှင့်နောက်ဆုံးတွေ့သည့် ၂၀၀၆ခုနှစ်အထိ Young သိမ်းဆည်းထားခဲ့သော ကျွန်မနှင့်ပတ်သက်သမျှ Young ငယ်ဘဝတွေ ဖြစ်ပါသည်။

မှန်သေတ္တာလေးထဲထည့်ထားသော လက်ပတ်နာရီလေးတစ်လုံးလည်းပါ၏။ အို၊ နာရီလေးကိုမြင်လိုက်တော့ ကျွန်မလှပ်ခနဲ ရင်ခုန်သွားသည်။ ကျွန်မမှတ်မိတာပေါ့။ ရွှေရောင်ဒိုင်ခွက် အဝိုင်းလေးနှင့် ရောမ ဂဏန်းစာလုံးတွေနှင့် လက်ပတ်ကြိုးစက အညိုရင့်ရောင်လေ။ သူ အလယ်တန်းနှစ်က ကျွန်မပေးခဲ့သည့် သူ့အတွက် မွေးနေ့လက်ဆောင် တစ်ခုပေါ့။ သိပ် တန်ဖိုးမကြီးပါ။ ကျွန်မ၏ပထမဆုံးဝင်ငွေဖြင့် မီသလောက်ပဲ ဝယ်ပေးနိုင်သည့် ပါလ်ဆာ နာရီလေးပါ။ Young ဒါကို အမြတ်တနိုး သိမ်းထားခဲ့တယ်ပေါ့။ Youngရယ်။ ကျွန်မ သူ့အတွက် သက်သက် အချိန်ယူပြီး ပြုလုပ်ထားသည့် scrap book လေးကို ကျွန်မ ပြုလုပ်ပေးထားသည့် ကတ်ဘူးလေးဖြင့် စားပွဲမြင့်လေးတစ်ခုပေါ်မှာ တွေ့မြင်လိုက်ရချိန်တွင် ကျွန်မ မျက်ဝန်းမှာ စိမ့်အိုင် ရစ်ဝဲလာသော မျက်ရည်တို့က ကြည်နူးစွာ လွမ်းဆွတ်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ကျွန်မ မှတ်မိတာပေါ့။ အပြာနုရောင်ကတ်ဘူးသည် ကျွန်မကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည့် လက်ရာ။ အပြာရောင်ကတ်ဘူးပေါ်တွင် ကျွန်မ ကိုယ်တိုင် ဆေးခြယ်ပေးထားသည့် ဂစ်တာလေးနှင့် လိပ်ပြာပုံလေးကို ကျွန်မ ဘယ်လိုလုပ်ပြီး မေ့နိုင်ပါ့မလဲ။ အနည်းငယ်တုန်ယင်သော လက်များဖြင့် ကတ်ထူဘူးကို ဖွင့်လိုက်သောအခါ အတွင်းမှာ ဗလာစာအုပ်ထူထူ တစ်အုပ်နှင့် သီချင်းကူးထားသည့် စီဒီချပ်များကို မြင်လိုက်ရသည်။

ဗလာစာအုပ်ကိုဖုံးထားသည့် မျက်နှာဖုံးစာရွက်၏ ပန်းချီပုံလေးကို မြင်လိုက်တော့လည်း ကျွန်မ ပြုံးမိသည်။ တိုင်းမ်မဂ္ဂဇင်းဟောင်းတစ်ခုထဲမှ ဖြတ်ယူထားသော ရေနွား၏ပန်းချီလက်ရာ ပုံတစ်ခုပါသည့် စာရွက်ဖြင့် ကျွန်မ စိတ်ရှည်လက်ရှည် မျက်နှာဖုံး ဖုံးပေးထားခဲ့တာကိုး။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now