လေတံခွန်လွှတ်တဲ့အခါ အချိန်တန်ရင် လေတံခွန်ကို ဘီးလုံးဆီ ပြန်ရုတ်သိမ်းလိုက်နိုင်တာကို အောင်မြင်မှုလို့ ခေါ်မလား။
ဒါမှမဟုတ် ကောင်းကင်ကို လွှတ်တင်လိုက်တဲ့ လေတံခွန်ရဲ့ နှောင်ကြိုး အပ်ချည်ကြိုးမျှင်လေး လေအရှိန်နဲ့ နောက်ဆုံးပြတ်ကျသွားပြီး မျက်စိအောက်ကနေ ပျောက်ကွယ်သွားတဲ့အထိ
အဝေးဆီ လွင့်မျောအောင် လွှတ်ပေးလိုက်နိုင်ရင် အောင်မြင်မှုလို့ ခေါ်ရမလား။လေဆန်ကိုတွန်းတိုးပြီး ကောင်းကင်အမြင့်ထိ လေတံခွန်လေး တက်သွားအောင် လွှတ်တင်ရတာ ဘယ်သူမဆို ပျော်ရွှင်ကြတာချည်းပဲ။ ရစ်ဘီးလုံးဆီမှာ ထိန်းချုပ် ကြိုးကိုင်ထားတဲ့ အပ်ချည်ကြိုးဆီကနေ လွတ်အောင် တွန်းထိုး၊ ယိမ်းနွဲ့၊ လေနဲ့ခါရမ်း၊ ကြိုးမျှင်လေး ပြတ်တောက်အောင် အချိန်မရွေး ရုန်းထွက်သွားနိုင်တဲ့ လေတံခွန်လေးကို ကိုယ့်ဆီ ပြန်ရောက်လာအောင်ထိန်းချုပ်ပြီး ပြန်သိမ်းချင်ကြသူတွေချည်းပါပဲ။
ကိုယ့် ထိန်းချုပ်မှုက လွတ်ထွက်ပြီး လေအဟုန်မှာ ပြတ်သွားတဲ့အထိ လွှတ်ပေးလိုက်ရတဲ့အရသာကို ဘယ်သူက နှစ်သက်မှာလဲ။
ကိုယ်က လွဲရင် ပေါ့။ ခပ်ကြောင်ကြောင် အတွေးတွေတွေးတတ်တဲ့ ကိုယ်က လွဲရင်ပေါ့ Youngရယ်။
“မနှမြောဘူးလား ဟင် မမ”
ကိုယ့်ကို မင်း တအံ့တသြမေးခဲ့ဖူးတယ်။ အဲဒီတုန်းက ကိုယ်က ဟန်နဲ့ပန်နဲ့ အေးအေးဆေးဆေး ဖြေခဲ့ဖူးတယ်လေ။
“နှမြောတော့နှမြောတာပေါ့။ ဒါပေမဲ့ လေတံခွန်တစ်ခုရဲ့ ဘဝက ကောင်းကင်မှာသာ ရှိတာကိုး။ ဘီးလုံးနားမှာ အပ်ချည်နှောင်ကြိုးနဲ့ ပြားကပ်ပြီး လွှတ်တင်မယ့်သူကို စောင့်မျှော်နေရတာ ဘယ်လောက်များ အဓိပ္ပါယ်မဲ့လိုက်မယ့်ဘဝလဲ။ သွားပါစေ၊ လေကို ဆန်ပြီး ပျံဝဲ လွင့်မျောသွားလိုက်စမ်းပါစေ။ လွတ်လွတ် လပ်လပ် ယိမ်းခါလှုပ်ရှားရင်း၊ ပျံဝဲရင်း၊ မျက်စိအောက်ကနေ ပျောက်ကွယ်သွားမယ့် လေတံခွန်လေးကို ဂုဏ်ယူစိတ်တစ်ဝက် နှမြောတမ်းတစိတ်တစ်ဝက်နဲ့ ကျေနပ်ပြီး လွမ်းကျန်ရစ်ခဲ့ရတဲ့ အရသာကို ကိုယ်က ကြိုက်တယ်လေ”
လွမ်းကျန်ရစ်ရတဲ့အရသာ ...
ဘယ်လောက်များ မိုက်မဲလိုက်တဲ့ စကားပါလိမ့်၊
အခုတော့ ကိုယ့်ရဲ့ ကောင်းကင်မှာ လေတံခွန်လေး မရှိတော့ပါလား။ ကိုယ်ကိုယ်တိုင်ပဲ ဖြတ်တောက်ပေးလိုက်မိတာလား။ဒါမှမဟုတ် လေတံခွန်လေးကိုယ်တိုင်က ဇွတ်အတင်း ရုန်းခါတိုးထွက် လေဆန်ဆီ ပျံဝဲ တက်သွားခဲ့လို့လား။
လေတံခွန်လေးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ လေတံခွန်လေး..... အဆုံးအစမရှိတဲ့ ကောင်းကင်ပြင်ကြီးမှာ မင်းလေး ပျော်ရွှင်ပါရဲ့လား။ လွတ်လပ်ပါရဲ့လား။ ပြတ်ကျန်ရစ်ခဲ့လို့ ညွတ်နိမ့်ဆင်းသွားတဲ့ ကြိုးလေးတစ်မျှင်ကို တိမ်တိုက်တွေ ကြားကနေ မင်း မြင်နေဆဲလား၊ မင်းကို တင်းနေအောင် အနားမှာ အမြဲတွဲချည်မထားရက်လို့ မင်းလိုသမျှ ဖြေလျော့ပေးဖို့ လုံလောက်အောင် စကြဝဠာ တနံတလျား ရှည်ဆန့်ပေးမယ့် ကြိုးလေးပါ။ မမြင်သာတဲ့ ကြိုးမျှင်လေးပါ။ မင်းမောလာရင်တော့ မင်း ပြန်နားနိုင်ဖို့ အသာလေး ရုတ်သိမ်းပေးမယ့် ကြိုးတစ်ချောင်းပေါ့။
ညပေါင်းများစွာ တမ်းတရင်း လွမ်းမောရာက သံသယတစ်ခု ဝင်လာခဲ့တယ်။ ကြိုးပြတ်သွားတဲ့ လေတံခွန်လေးတစ်ခု ရှိတာတော့ မှန်ပါရဲ့ ၊ ဒါပေမယ့် တဝဲလည်လည် ယမ်းခါ ယိမ်းထိုးပြီး လေနှင်ရာ လွင့်မျောသွားတဲ့လေတံခွန်ဟာ မင်းမှ ဟုတ်ရဲ့လား။ အခုအခါ ခိုနားရာမဲ့ လေကိုဆန်ရင်း ဝဲပျံ ယိမ်းယိုင်နေရသူက မင်းမဟုတ်ဘဲ ကိုယ် ကိုယ်တိုင်ပဲ ဖြစ်နေခဲ့ပြီလား။
ကိုယ်ကမှ မင်းကောင်းကင်ရဲ့ လေတံခွန်လေးများလားကွယ်။
---
(ပြီးပါပြီ)
YOU ARE READING
ဆုံနေရက်နှင့်လွမ်းလေခြင်း
FanfictionThis is the replacement of one of the best Author Juu's book with Annyeongz. Crd....