5

138 14 0
                                    


ကျွန်မသည် စာရေးခြင်းနှင့် စာဖတ်ခြင်းကို မြတ်နိုးတတ်ပြီဖြစ်သော အရွယ်ကတည်းက သတင်းစာတစ်စောင် ထုတ်ဝေခဲ့သည်။ ကျွန်မ၏သတင်းစာက တစ်ခါရေးလျှင် တစ်စောင်တည်း ဖြစ်ပါသည်။ မေမေပေးသော သတင်းစာအရွယ် ကတ်ထူပြားပေါ်တွင် ဖြတ်ညှပ်ကပ်သော တစ်မျက်နှာတည်းသာရှိသည့် သတင်းစာဖြစ်သည်။ ကျွန်မ၏သတင်းစာကို ကျောင်းကြီးက အတန်းဖော်တွေ့နှင့် ကျူရှင်က သူငယ်ချင်းတွေ ဝိုင်းဖတ်တတ်ပါသည်။

သတင်းစာဟု ခေါ်သော်လည်း နေ့စဉ်သတင်းစာမဟုတ်ပါ။ ရေးချင်သည့်နေ့တွင် သတင်းစာရေးပြီး မရေးချင်သည့်နေ့တွင် မရေးပါ။ ကျွန်မသတင်းစာတွင် ကျွန်မသူငယ်ချင်းများ၏မိသားစုအကြောင်း သူတို့အိမ်အကြောင်းတွေ ပါလေ့ရှိသည်။ ကောင်မလေး၏အိမ်အကြောင်း ကျွန်မသိချင်သည်။

ကောင်မလေး၏ အိမ်သည် ကျောင်းနားမှာဆိုပေမယ့် အဲဒီရပ်ကွက်မှာပဲနေသော ကျွန်မသူငယ်ချင်းအိမ်လို သေသပ်ကျနသော ပတ်ကား တိုက်အိမ်မျိုးမှ ဟုတ်ပါ့မလား။

ကျွန်မတို့အိမ်က မချမ်းသာပါ။ သို့သော် ဖေဖေ၏ ကော်မရှင်ရုံးမှရသည့်လစာ၊ မေမေ့လစာနှင့် ဘွားဘွား၏အိမ်ဆိုင်လေးက ဝင်ငွေတွေ ပေါင်းလိုက်တော့ ခြံဝန်းကျယ်ကျယ်နှင့် လှလှပပအိမ်လေးမှာ နေရပြီး ထမင်းလည်း ကောင်းကောင်း စားရလေသည်။

ကောင်မလေး၏လက်မောင်းပိန်ပိန်လေးကို သိသွားပြီး နောက်ရက်တွေ့၌ ကျွန်မ ထမင်းစားကောင်းသည့်အချိန်မှာ ကောင်မလေးဘာဟင်းနဲ့ ထမင်းစားနေမှာပါလိမ့်ဟု သတိရသွားတတ်၏။ မေမေအတန်းပိုင်အဖြစ် သင်သော ကောင်မလေးတို့ အလယ်တန်းကို နေ့လည်ထမင်းစားကျောင်းဆင်းချိန်တိုင်း မေမေ့ကို ခေါ်ဖို့ ကျွန်မ ရောက်သည်။ အတန်းထဲက ပြေးထွက်သွားသော ကျောင်းသားလေးတွေထဲမှာ ကောင်မလေးကို သတိတရ ရှာမိ၏။

သူ့ရုပ်လေးက ချစ်စရာကော်ပတ်ရုပ်လေးလိုပဲ။ ကျွန်မမှာ ညီမလေးတို့ မောင်လေးတို့ ရှိလျှင် သိပ်ကောင်းမှာဟု ခဏခဏ တွေးမိဖူး၏။ သူသာ ကျွန်မညီမလေးဖြစ်လျှင် သူ့ပါးမှာ ပေကျံနေသည့် ဂျီးတွေကို အတင်း မျက်နှာသစ်ပေး၊ သူ့ခေါင်းကို ခေါင်းလျှော်ရည်ဘူးဖြင့် လျှော်ပေးလိုက်မှာပဲ။ ဖြောင့်စင်းသည့် ဆံပင်ပျော့ပျော့လေးတွေ မွှေးလာအောင်ပေါ့။ ပြီးတော့ မီးပူတိုက်ထားလို့ မွှေးနေသည့် သန့်ပြန့်သည့် အကျီလေးတွေ ဝတ်ပေးလိုက်မည်။ ဒါဆို ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်မလဲကွယ်။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now