20

99 8 0
                                    

(၂၀)

“အင်း” ဆိုတဲ့အဖြေနဲ့ “ဟင့်အင်း” ဆိုတဲ့အဖြေနှစ်ခုရဲ့ ခြားနားမှုကြောင့် ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့ တစ်ခဏ မှော်ဝင်ချိန်လေးကို သတိရနေမိတယ်တဲ့။ ဘရာဇီးလ် စာရေးဆရာ ပေါ်လိုကိုအယ်လို၏ ပြေဒရာမြစ်ကမ်းစပ်မှာ ကျွန်မထိုင်ငိုမိတယ် ဆိုသည့် ဝတ္ထုထဲမှာ ဖတ်လိုက်ရဖူးသည်။

ကျွန်မ သူ့ကို ဆန်းဆန်းပြားပြား တွယ်ငြိမိပြီလားဟု ကိုယ့်ကိုယ်ကို သံသယဝင်ရသည့် ညတစ်ညအကြောင်း စဉ်းစားတိုင်း ထိုဝတ္ထုထဲက စာသားကို သတိရသည်။

ထိုနေ့က Young ရုံးကနေအပြန် ကျွန်မအခန်းသို့ တိုက်ရိုက် ဝင်လာတာမို့ စက်ဘီးမပါလာခဲ့။ ခါတိုင်းဆိုလျှင် ညနေစောင်း ညမိုးချုပ် ကျွန်မဆီလာတိုင်း စက်ဘီးလေးစီးလျက် လာတတ်သည်။ Youngစက်ဘီးက ဂျပန်ဘီးအဟောင်းကို ပြန်ဝယ်ပြီး နည်းနည်း ပြင်ဆင်ခြယ်သထားတာ။ ထိုစက်ဘီးဖြင့် နံနက်စောစောတွေမှာ ကျွန်မကို ပန်း​ခြံ သို့ လိုက်ပို့တတ်သေးသည်။

အဆောင်မှာ မနေတော့ဘဲ တိုက်ခန်းတစ်ခုကို သူငယ်ချင်း နှင့်စပ်တူ ငှားပြီး နေမိသည်မှာ Young လာလည်ရတာ လွယ်ကူဖို့ နောက်ပြီး Youngကို ထမင်းဟင်းချက်ကျွေးတာ အဆင်ပြေအောင်လို့ ဖြစ်သည်။ Young ကျွန်မဆီက စာအုပ်တွေကို ကိုင်တွယ် ရွေးချယ်ပြီး လွတ်လပ်စွာ ငှားဖတ်စေချင်လို့ ပြီးတော့ Youngနားမလည်သည့် အင်္ဂလိပ်စာတွေကို အသေအချာ ရှင်းပြရာတွင် ဘယ်သူ့မျက်လုံးတွေအောက်မှာမှ Youngကို စိတ်မကျဉ်းကြပ်စေချင်လို့ ဖြစ်ပါသည်။

ထိုနေ့က ကျွန်မ တိုက်ခန်းသို့ ရောက်လာသည်မှာ သူ့လက်ပ်တော့ ကွန်ပျူတာထဲမှာ ဗိုင်းရပ်စ်တွေ များနေလို့ ကျွန်မအား လာရှင်းခိုင်းခြင်း ဖြစ်သည်။ ထိုကွန်ပျူတာလေးသည် သူ့ကို အရင်နှစ် တုန်းက ကျွန်မ ပေးထားသည့် မွေးနေ့လက်ဆောင်ဖြစ်သည်။ စက်ရုံမှာ အလုပ်လုပ်သည့် ချာတိတ်တစ်ယောက် ကွန်ပျူတာ ကိုင်စရာမလိုဘူးလို့ ဘယ်သူပြောမလဲ။ အင်္ဂလိပ်စာလေ့ကျင့်ဖို့ ကွန်ပျူတာတစ်လုံးတော့ ဘယ်သူမဆို လိုချင်ကြမှာပဲ။ ထို လက်ပ်တော့ကွန်ပျူတာလေး ရစဉ်က သူပျော်ရွှင်ကျေနပ်နေသည်ကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ပါ။ သူ့ဘဝမှာ အသက်၂၃နှစ်အရွယ်အထိ တကယ်ပဲ အပျော်ဆုံးအချိန် ဖြစ်ခဲ့လေသလား မသိပါ။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now