7

105 12 0
                                    


တစ်ညတော့ ကျွန်မတို့လမ်းပေါ်မှာ ညကိုးနာရီလောက် လူတစ်ယောက် အရက်မူးမူးဖြင့် အော်ဟစ်ဆဲဆိုပြီး ပြေးသွားခဲ့သည်ကို ကျွန်မမြင်တွေ့ရသည်။ အရေးအခင်းကာလ ဖြစ်တော့ ကျွန်မက ထစ်ခနဲရှိလျှင် ထိတ်လန့်နေကျမို့ ဆူဆူညံညံ အသံကြောင့် ပြတင်းကနေ လှမ်းကြည့်မိတာပေါ့။ ခြံထောင့်က လမ်းမီးတိုင် ဖန်ချောင်း အလင်းရောင်အောက်တွင် မြင်ရသည့် မြင်ကွင်းကြောင့် ကျွန်မမှာ မျက်နှာတွေပူပြီး တစ်ခါမှ မမြင်ဖူးသည့်အရာကို ကြောင်ကြည့်နေခဲ့သည်ကို မှတ်မိသည်။ အဲဒီလူက ကိုယ်လုံးတီး ဖြစ်နေလို့ပေါ့။ မေမေက ကမန်းကတန်း ကျွန်မကို ဆွဲခေါ် သည်။

“သမီး ဟဲ့ သမီး။ မကြည့်နဲ့”

ကျွန်မဖြင့် ကိုယ်မှာအဝတ်မကပ်သည့် ယောက်ျားတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးတော့ ရှက်လိုက်တာ မပြောပါနှင့်တော့။ မေမေက မကြည့်ကောင်းဘူးတဲ့။ ကိုယ်က မိန်းကလေးတဲ့၊ နောက်ပြီး ကိုယ့်ကို မြင်သွားလို့ လှမ်းဆဲရင် ကိုယ် အရှက်ကွဲဦးမယ်တဲ့။ ခပ်တိုးတိုးပြောသည်။ မျက်နှာပူတာ ရှက်တာ သက်သာသွားတော့ ကျွန်မ အသံထွက်ရယ်မိသည်။

ထိုရှက်စရာကောင်းသည့်မြင်ကွင်းကို ကျွန်မ မှတ်စုထဲ ထည့်ရေးကြည့်သည်။ ကိုယ်တစ်ယောက်တည်း ဖတ်မည့် မှတ်စုစာအုပ်ထဲ ရေးတာဖြစ်ပေမယ့် စကားလုံးတွေကို ကျွန်မ တော်တော် စဉ်းစားပြီး ရွေးရသည်။ ဥပမာ ဖင်ဟောင်းလောင်းဟု ရေးမည့်အစား ကိုယ်လုံးတီးဟုသာ ရေးဖြစ်သည်။ အောက်ပိုင်းတစ်နေရာက အင်္ဂါအစိတ်အပိုင်းကိုလည်း နာမည်အခေါ်အဝေါ်တောင် ထည့်မရေးရဲပေ။ နေပါဦး ကျွန်မကို အဲဒီလို ထည့်မရေးနဲ့ဟု ဘယ်သူကမှ တစ်ခါမှ မကန့်ကွက် မတားမြစ်ခဲ့ဖူးပါဘဲ ကျွန်မဟာကျွန်မ ဘာဖြစ်လို့ ကန့်သတ်ပြီး စကားလုံး
တွေကို ရှောင်ရှားနေခဲ့ပါလိမ့်။ ပါးစပ်ကနေ သူများကြားအောင် ထုတ်မပြောသင့်သည့်စကားလုံးဟု ကျွန်မ သိသည်။ သို့သော် ဘယ်သူမှ မဖတ်ဘဲ ကိုယ် တစ်ယောက်တည်းဖတ်မည့် ကိုယ့်မှတ်စုထဲမှာ ထိုစကားလုံးကို ဘာဖြစ်လို့ မရေးခဲ့ပါလိမ့်။ ဒီစကားလုံးကို ညစ်ညမ်းသည်ဟု ကျွန်မ သတ်မှတ်ထားလို့လား။ မှတ်စုကို တခြားလူတွေရော ဘယ်လိုရေးကြပါလိမ့်။ ထိုအချိန်မှာ မှတ်စုဆိုသော အရာကို ကျွန်မ အလေးအနက် စိတ်ဝင်စားမိလေသည်။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now