🌸 ဆေးမင်ရည်စုတ်ထိုး 🌸
Part - 6အသုဘလိုက်ပို့ရမည်မို့ နာရေးအိမ်တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။ မြကြည်သာတို့လဲ အခေါင်းထမ်းရန် ရွာထိပ်သုသာန်တွင်မြေချရန် အလုပ်တွေရှုပ်နေကြသည်။ ပန်းဖူးတို့မှာလဲ ပြင်ရဆင်ရကာ ကာလသားတစ်ယောက်က......
" ဟေ့ ဟေ့ ထွက်ကြမယ်ဟေ့။ "
မြကြည်သာက အခေါင်းကို အရှေ့မှထမ်းသလို လူလေးယောက်ထမ်းရသည်မို့ ရေအိုးစခွဲလိုက်သည်နှင့် ရွာထိပ်သုသာန်ဆီထွက်လာခဲ့ကြသည်။
ပန်းဖူး နာရေးလိုက်ပို့နေရင်း အနားရောက်လာသည့်လူကိုကြည့်မိတော့ လှဆောင်။ လူအနားကို အတင်းတိုးကပ်လိုက်နေတာမို့ ပန်းဖူးမခင်မိအနား တိုးကပ်လိုက်သလို မခင်မိ၏ မျက်စောင်းကလဲ လှဆောင်ဆီ ဒိုင်းခနဲ။ သူများအသုဘမို့ သည်းခံနေရသလို မြကြည်သာကလဲ အရှေ့ဆုံးမှာ အခေါင်းထမ်းနေသဖြင့်မသိ။
အလောင်းမြေချပြီး မြကြည်သာ ပုဆိုးကိုပြင်ဝတ်နေစဥ် အနားရောက်လာသည့် ရွာသားတစ်ယောက်က ခပ်တိုးတိုးကပ်ပြောလာသဖြင့် အသုဘလာပို့ကြသည့် လူအုပ်ထဲဝေ့ကြည့်လိုက်သည်။ တွေ့ပါပြီ......ခင့်အနားကပ်နေသည့် လှဆောင်။
မြကြည်သာ ခြေလှမ်းကျဲကြီးတွေဖြင့် ပန်းဖူးအနား လျှောက်လာသလို စူးစူးရဲရဲ လှဆောင်ကိုကြည့်လာ၏။
" မင်းက ဘာဖြစ်ချင်နေတာလဲ။ ဒါ ငါ့ချစ်သူ....မင်း အနံ့လိုက်ရှူနေတာရပ်လိုက်ရင် ကောင်းမယ်။ "
ပန်းဖူး ရန်ဖြစ်မှာ စိုးသဖြင့် သူ့လက်မောင်းကြီးကို ကပျာကယာလှမ်းဆွဲမိကာ ခေါင်းလေးယမ်းပြ၏။
" ဖယ်စမ်းပါ ......ဝေးဝေးနေ။ "
ထိမိခိုက်မိမည်စိုးသဖြင့် မြကြည်သာ ပန်းဖူးကိုယ်လေးကို မခင်မိတို့ဘက် တွန်းပို့လိုက်သလို လှဆောင်တို့အုပ်စုရော ရွာမှကာလသားတွေပါ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။
" ဟိတ်ကောင်တွေ.....မင်းတို့ ဘယ်လိုဖြစ်နေကြတုန်း။ "
လူကြီးတွေက ရိပ်မိကာ ကပျာကယာ ရောက်လာကြသလို လူချင်းခွဲထုတ်လိုက်ကြ၏။ မြကြည်သာ ပန်းဖူးအနားကမခွာသလို ပြန်လာတော့လဲ အတူတူပင်။ လှဆောင်တို့က ပြန်သွားကြပေမယ့် မြကြည်သာတို့ကတော့ ကိုယ့်ရွာမှနာရေးမို့ ဆက်လက်လုပ်ကူပေးရန်ကျန်နေခဲ့သည်။
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....