💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 11" ကျုပ် သဘောမတူဘူး။ "
မြကြည်သာ စကားကြောင့် ချစ်ရင်ထူး နှင့် မြအေးရီသာမက ဘေးနားထိုင်နေသည့် ပန်းဖူးပါ အံ့သြသွားရသည်။ မြအေးရီက မင်္ဂလာဆောင်ပေးပါမည်ဆိုတာကို သူက သဘောမတူဘူးဆိုတော့ ပန်းဖူးခမျာလဲ မျက်နှာလေးငယ်ကျသွားရသည်။ သူများ ပန်းဖူးကို လက်မထပ်ချင်ရော့သလား ဟု စိုးရိမ်ဝမ်းနည်းစိတ်လေးက ဝင်လာ၏။
" ဘာဖြစ်လို့တုန်း ယောက်ဖရဲ့.....မင်းပဲ နှင်းဆီပန်းဖူးကို လက်ထပ်ချင်တယ်ဆို။ "
မြကြည်သာ ကျစ်ခနဲ စုပ်သပ်မိသလို ကွပ်ပျစ်ပေါ်ထိုင်နေရာမှ သူ့ဘေးကျူံ့ကျူံ့လေးထိုင်နေသည့် ပန်းဖူးအား ငဲ့ကြည့်၍....
" ကျုပ် ခင့်ကို ချစ်တာ လက်ထပ်ချင်တာမှန်တယ်။ ထုံးစံအတိုင်း မိသားဖသားပီပီ အမေတို့ အဘတို့က တင်တောင်းပေးတာဆိုလဲ တစ်မျိုးပေါ့.....ခုကျ ကျုပ်အစွမ်းအစမရှိလို့ သူများက စရိတ်ခံလက်ထပ်ပေးရတာလေ....ကျုပ် မိန်းမကို ကျုပ်ရှာတဲ့ငွေနဲ့ပဲ လက်ထပ်မယ်။ "
မြအေးရီ မောင်ဖြစ်သူကို မျက်စောင်းလှမ်းထိုးရင်းမှ....
" ကတ်သတ်စရာမရှိ ကြံဖန်မကတ်သတ်စမ်းပါနဲ့ ဟယ်။ ပန်းဖူးက မိန်းကလေး...ကြာရင် ပတ်ဝန်းကျင်က ပြောလာမယ်။ သူ သိက္ခာကျမှာပေါ့ဟဲ့။ "
" ဟ....ကျုပ်တို့က ဘာလုပ်နေလို့လဲဗျ။ ခုချိန်ထိ ပန်းဖူး နဲ့ ကျုပ်က ဖြူဖြူစင်စင်ပဲ...ကျုပ်ရည်းစားက အသန့်လေးပဲ ရှိသေးတယ်....သန့်တာမှ အီလန်ဆပ်ပြာထက်တောင် ခင်က ပိုသန့်သေး။ "
သြော်....ပြောရခက်လိုက်သည့်နှယ်။ ပန်းဖူးကလဲ မလှုပ်တလှုပ်လေးနှင့် သူ့ရည်းစားမျက်နှာသာငေးပြီး ငြိမ်ငြိမ်လေးထိုင်နေတာများ လှုပ်ပင်မလှုပ်။
" ကဲ....ပန်းဖူး....ညီမလေး သဘောကရော။ "
မြအေးရီ မေးလာမှ ပန်းဖူးက စာအုပ်လေးထဲ စာရေးကာ လှမ်းပြ၏။
! သူ့ သဘောပါပဲ....ပန်းဖူး သူ့ကို ယုံတယ်။ သူ ကောင်းသလို ကြည့်လုပ်ပါလိမ့်မယ်။ !
ကောင်းလိုက်သည့်ဖြစ်ခြင်း...။
မြကြည်သာကတော့ သူ့ရည်းစားသူကြည့်ရင်း တပြုံးပြုံး။
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....