"မင်းပြောသလိုဆို ဇွန်ဘီး ဗိုင်းရပ်က တကယ်ရှိတယ်ပေါ့.."
"အင်းလေ..ရေခဲတောင်အောက်မှာ ဖုံးကွယ်နေတာတဲ့..သိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိတာပါတဲ့ဆို.."
"အဲ့ဒီသိပ္ပံပညာရှင်တွေကလဲ အေးဆေးမနေဘူး..တော်ကြာ ဇာတ်ကားတွေထဲကလို တကယ်ကြီးပျံ့ပွားသွားရင် ဘယ်လိုလုပ်မလဲ?"
"အဲ့အချိန်ကျရင် ငါကတော့ အပင်ပန်းခံပြေးမနေတော့ဘူး ငါအရင်ကိုက်ခံလိုက်ရပြီး ငါသူများကို ပြန်လိုက်ကိုက်မှာ.."
အတန်းချိန်တက်နေပြီ ဖြစ်သော်လည်း ဆရာ မလာသေးတာကြောင့်တစ်ယောက်တစ်ပေါက် စကားတွေပြောနေကြရင်း ဆရာ ၀င်လာတော့မှ ကမတန်းကတန်းထနှုတ်ဆက်ရလေတော့သည်။
"မင်္ဂလာပါဆရာ!"
အားလုံးတညီတညွတ်ထဲ နှုတ်ဆက်ကြရင်းနဲ့မှ အနောက်ကနေ ကပ်ပါလာသော ကျောင်းသားတစ်ဦးကြောင့်သူတို့မှာ စူးစမ်းလိုစိတ်အပြည့်ဖြစ်သွားကြလေသည်။
"ထိုင်ကြ..ထိုင်ကြ..ကဲ..မင်းတို့ အားလုံးနဲ့ မိတ်ဆက်ပေးစရာရှိတယ်..သူက ကျောင်းသားသစ်..အတော်လေးနောက်ကျမှ ကျောင်းပြောင်းလာတာမို့ မင်းတို့အားလုံး ကူညီလိုက်ကြပါဦး..နှုတ်ဆက်လိုက်ပါဦးမင်းနာမည်ကို.."
"မင်္ဂလာပါ ကျွန်တော့် နာမည်က အိုဂျိုအွန်း ဖြစ်ပါတယ်..ကူညီပေးကြပါဦး."
ခါးကိုကိုင်း၍ နှုတ်ဆက်လာသော ကျောင်းသားအား ပြန်လည်ပြုံးပြမိလိုက်ကြသည်။
"ဂျီဟွန်း.."
"ဗျာ.."
"မင်းက အတန်းခေါင်းဆောင်ဆိုတော့ မင်းကတစ်ချက်ဂရုစိုက်ပေးလိုက်ဦးနော်..ဂျိုအွန်း သူက ဒီအတန်းရဲ့အတန်းခေါင်းဆောင်နော်..မင်းနားမလည်တာရှိရင် သူ့ကိုမေးလို့ရသလို သူ့စကားလဲနားထောင်ရမယ်.."
"ဟုတ်ကဲ့.."
ထိုသို့ဖြင့် မိတ်ဆက်ခြင်းပြီးဆုံးကာ နေရာထိုင်ခင်းချ လျက် ဆရာက စာစသင်တော့သည်။
အတန်းဆင်းတော့ ကျောင်းသားသစ်ကို စူးစမ်းချင်ကြသည့် သဘာ၀အတိုင်း ကျောင်းသားသစ်နားဝိုင်းအုံကာ မေးခွန်းတွေ စထုတ်ကြတော့သည်။