"ဟေ့..ဟေ့.."
ဂျွန်ဂယူအမေသည် အိတ်တစ်လုံးလွယ်၍ ရပ်ကွက်လမ်းထဲ လျှောက်နေတုန်း ဆိုင်တစ်ဆိုင်မှ သူမကို ရည်ညွှန်းခေါ်ဆိုနေသံကြောင့် အမြန်လှည့်ကြည့်လိုက်ရသည်။
"ဂျွန်ဂယူအမေဟုတ်တယ်မလား?"
"ဟုတ်ပါတယ်"
သားနာမည်နဲ့မေးလာသည်ကြောင့် ဘာများဖြစ်လို့လဲဆိုသော ပုံစံနှင့် သူမ ေခါင်းညိတ်ပြလိုက်ရ၏။
"နင့်ပစ္စည်းတွေလာမယူသေးဘူးလား?"
အပေါင်ဆိုင်မှဆိုင်ရှင်အစ်ကိုကြီး၏ အမေးကြောင့် ဂျွန်ဂယူ အမေသည် အံ့ဩသွားဟန်ဖြင့် ပြန်လှည့်လာရကာ..
''ဘာပစ္စည်းများလဲရှင်..ကျွန်မဘာပစ္စည်းမှဒီမှာလာမပေါင်ဖူးပါဘူး.."
"နင်လာမပေါင်ဖူးပေမယ့် နင့်သားလာပေါင်သွားတယ်လေ.."
"ရှင်..ဘာ..ဘာပစ္စည်းတွေလဲ ပြပါဦး!"
ဂျွန်ဂယူအမေသည် အံ့ဩလွန်းစွာဖြင့် အပေါင်ဆိုင်မှ သူ့သားလာပေါင်သွားသော ပစ္စည်းတွေအားတောင်းယူကြည့်လိုက်တော့ အိမ်မှပျောက်ဆုံးသွားသော ပစ္စည်းတွေဖြစ်နေသည်။ ဒါတွေက သူမထင်တာ သူခိုး၀င်ခိုးသွားသည်ဟူ၍ ပင်..အခုတော့သူခိုး၀င်ခိုးတာမဟုတ်ဘဲ သူမ၏သားဖြစ်သူက အကုန်သိမ်းကြုံးယူကာ အပေါင်ဆိုင်မှာလာထားသည်တဲ့လေ..
သူမရင်ဘတ်ထဲ နာကျင်မူကြောင့် မျက်ရည်တွေပင်ဝေ့ဝဲလာရသည်။ ဆိုင်ထဲက ပြန်ထွက်လာတဲ့အခါ သူမ ပါးပြင်ထက်မျက်ရည်တွေလိမ့်ဆင်းလာပြီး ဂျွန်ဂယူ၏ မျက်နှာလေးကို မြင်ယောင်နေမိသည်။
သူမ သားလေးဟာ ဘယ်လောက်ထိခက်ခဲနေလို့ ဒီလိုမျိုးအထိ ကြံဖန်ခဲ့ရသည်လဲ...သူ့အဖေနဲ့ အိမ်ထောင်ရေးပြိုကွဲသွားပြီးနောက်သူမသည်လဲ မိမိစား၀တ်နေရေးတောင် အနိုင်နိုင်ဖြစ်နေပြီး အဆောင်မှာ ရှိနေတဲ့ဂျွန်ဂယူကိုဂရုမစိုက်မိနိုင်ခဲ့..
သို့ပေမယ့် သူဌေးလောက အသိုင်းအဝိုင်းမှာရှိနေတဲ့သူ့အဖေကတော့ ဒီသားတစ်ယောက်ကို တာ၀န်ယူနိုင်မယ်ထင်ထားခဲ့တာ ..အခုတော့အဖေကလဲ ပြန်လှည့်မကြည့် အမေကလဲ မကြည့်မိတဲ့ ဘ၀မှာ အခုမှ အထက်တန်းကျောင်းသားပဲရှိသေးတဲ့ ဂျွန်ဂယူဘ၀လေးဘယ်လောက်ထိခက်ခဲနေမလဲဆိုတာ နှစ်ယောက်လုံး လျစ်လျုရှုထားမိခဲ့ကြတာပဲ..