ထိုညက ဂျွန်ဂယူကိုပွေ့ပြီး အဆောင်ထဲ ၀င်လာတဲ့ အတန်းခေါင်းဆောင်ပုံစံကို အခြားသူတွေက နောက်နေ့မနက်မှာ အားပါးတရ ပြောပြနေတာမို့ ဆေးပိုက်တွေကြားထဲကနေ ဂျွန်ဂယူမှာ ရယ်ကျဲကျဲနဲ့နားထောင်နေရသည်။
ဂျွန်ဂယူ ထိုညကစ လူမှန်းသူမှန်းမသိအောင် ဖျားလိုက်တာ ကယောင်ကတမ်းတွေပါ ထယောင်သည်အထိ ဖျားလို့ အခန်းဖော်ဂျီဟွန်းလဲ တစ်စက်လေးတောင် မအိပ်ခဲ့ရဘူးဟု ဆိုသည်။
မနက်ရောက်တော့လဲ ဖျားနေသေးပေမယ့် နည်းနည်းအဆင်ပြေလာ၍ သူငယ်ချင်းတွေကကျောင်းမသွားခင်အဖော်လာလုပ်ပေးနေကြသည်မို့ တစ်ညလုံးမအိပ်ရသေးတဲ့ ဂျီဟွန်းကတော့ တစ်ခြားအခန်းမှာ ခဏ သွားအိပ်နေပါသည်။
"ဒါဆို ငါတို့ကျောင်းသွားဦးမယ်.."
"အေးအေး ."
ဂျွန်ဂယူ ခေါင်းညိတ်ပြလိုက်ပြီး အကုန်လုံး အခန်းထဲက ထွက်သွားအပြီးမှာဂျွန်ဂယူလဲ မနက်စာစားဆေးသောက်ပြီးတာမို့ ပြန်လည်အိပ်ပျော်သွားတော့သည်။ဂျီဟွန်း တစ်ခြားအခန်းထဲ အိပ်နေရာကနေ ဗိုက်ဆာသဖြင့် ပြန်နိုးလာတာမို့ ခေါက်ဆွဲပြုတ်ထစားလိုက်ကာ ကိုယ့်အခန်းကိုပြန်ပြီး တစ်ဖန်ပြန်အိပ်ရန်ပြင်လိုက်သည်။
မအိပ်ခင် ဂျွန်ဂယူကို ငုံ့ကြည့်လိုက်တော့ ဂျွန်ဂယူလဲ အိပ်နေတာမို့ မီးပိတ်ပေးလိုက်ပြီး အပေါ်ထပ်ကုတင်မှာပဲ တက်အိပ်လိုက်တော့သည်။လူနာနဲ့ လူနာစောင့်နှစ်ယောက်လုံး တက်ညီလက်ညီအိပ်လိုက်ကြတာ အဆောင်တစ်ခုလုံး မီးထလောင်လိုက်ရင်တောင် သိလိုက်ကြမည့်ပုံမပေါ်...လူနာစောင့်ကအိပ်ရေး၀လို့ နိုးလာတော့ လူနာက ဆိုဖာပေါ်မှာ ငုတ်တုတ်ကြီးထိုင်လို့ ကြက်ဥထိုင်ပြုတ်နေသည်။
"အင်း ဂျွန်ဂယူ.."
ဂျီဟွန်းအိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်ပေမယ့် နဂိုကတည်းမှေးတဲ့ မျက်လုံးကွေးကွေးလေးတွေဟာ ဖွင့်ထားလား မဖွင့်ထားလားပင် မသဲကွဲ...
"ကြက်ဥပြုတ်ထားတယ် လာစား..."
လူနာက ပြင်ဆင်ပြီးပြန်ခေါ်ကျွေးနေရတာက မဟုတ်သေး..ဂျီဟွန်းလဲ ကုတင်ပေါ်က ဆင်းကာ ဆိုဖာပေါ်က ဂျွန်ဂယူ ၏ နဖူးပေါ်အုပ်ကြည့်လိုက်သည်။