"ငါ့ကို ခေါင်းပေါင်းလေးလုပ်ပေး.."
ခဲရောင်တဘက်လေးကို ကမ်းပေးလိုက်ပြီး ပူဆာလိုက်တော့ ပတ်ဂျီဟွန်းက မဆိုင်းမတွပင် နားနှစ်ဘက် အလုံးလေးရှိသော ခေါင်း ပေါင်းလေးလုပ်ပေးကာဂျွန်ဂယူ ခေါင်းပေါ်သေချာစွပ်ချပေးလာသည်။
ချွေးထုတ်ခန်းလာသည်လား စားသောက်ဆို လာသည်လားမသိသော နှစ်ယောက်သားကရောင်းချသမျှ မုန့်တွေစုံသလောက်နီးပါးယူကာ ကြမ်းပြင်မှာချ၍ ထိုင်စားနေဖြစ်ကြ၏။ ပြီးတော့ ရောက်တတ်ရာရာ စကားတွေကို လုပြောရင်း စိတ်သဘောထားချင်းမတိုက်ဆိုင်ရင် ထထရန်ဖြစ်ကြတာလဲ ထသတ်ကြတော့မတတ်...
ကြက်ဥပြုတ်ကို ခေါင်းမှာထု၍ ခွဲနေတုန်းခေါက်ဆွဲပြုတ်နှစ်ထုပ်ကို တစ်ယောက်ထဲစားနေသော ဂျီဟွန်းက...
"ကြက်ဥ အကောင်ပေါက်ရင် အချွန်ဘက်က ပေါက်တာလား အဝိုင်းဘက်က ပေါက်တာလား ?မင်းသိလား?"
"မင်းရောသိလို့လား?"
"မသိဘဲနဲ့ မေးစရာလား?"
ဂျွန်ဂယူ ကြက်ဥကိုစားမည့်ဆဲဆဲကနေ မျက်စိရှေ့ထောင်ကာ သေချာကြည့်မိလိုက်သည်။
"အချွန်..."
"ဘာလို့လဲ?"
"ချွန်နေလို့လေ..အကောင်ပေါက်ရင် ဒီကပဲ ကွဲမယ်ထင်တာပဲ ဟုတ်ဘူးလား?"
ဂျွန်ဂယူမေးတာကို မဖြေဘဲ ရွှေရောင်အိုးထဲမှ လက်ကျန် ခေါက်ဆွဲရည်တွေကို အကုန်စင်အောင်မော့သောက်ပြီးမှ ပါးစပ်ကိုတစ်ရှူးနဲ့သုတ်လိုက်ပြီးမှ ဂျွန်ဂယူ လက်ထဲက ကြက်ဥကို ညွှန်ပြလျက်...
"ဒီဘက်က.."
ဂျီဟွန်းညွှန်ပြသည်က အဝိုင်းဘက်ကဖြစ်သည်။
ဂျွန်ဂယူ မျက်နှာလေး ချက်ချင်းမှုန်ကျသွားကာ.."မဖြစ်နိုင်ပါဘူး! မင်းမညစ်နဲ့ ငါအချွန်ပြောလို့ မင်းက အဝိုင်းဘက်လို့ အဖြေလွှဲတာမလား?သက်သက်မဲ့ အဖြေညစ်တာမဟုတ်ဘူးလား?"
"မင်းကို အဖြေလွှဲတော့ငါက ဘာရမှာလဲ?"
"မသိဘူး! မသိဘူး မင်းညစ်တာ.."
"ဪ..ကဲ ဗဟုသုတ မရှိချက်ကလဲ ကမ်းကုန်..ငါပြောတာလဲ မယုံဘူး! ..မယုံနဲ့ပေါ့.."