အချိန်များကုန်လွန်လာလေ၏။ဟိုလှည့်ဒီလှည့်နှင့်ပင်အချိန်များလျှင်မြန်စွာကုန်ဆုံးသွားတာနှစ်အတော်ကြာသွားပြီ။မိုင်ပေါင်းထောင်ချီအကွာကမသေမျိုးတွေရဲ့ခေါင်းလောင်းသံမှာအချိန်ကြာမြင့်စွာမြည်ဟီးပြီးနောက်မနက်ခင်း၏မြူမှုန်များကြားထဲသို့ပျံ့နှံ့ဝင်ရောက်သွားသည်။နန်ဟွာတောင်မှာခမ်းနားထည်ဝါစွာဖြင့်တိမ်တိုက်များပေါ်၌မျောလွင့်နေ၏။အဝေးမှကြည့်လျှင်မှိန်ပျသောရွှေရောင်အလင်းတန်းများကတောင်ထိပ်ကိုဝန်းရံနေသည်။မသေမျိုးတောင်ပေါ်သို့သွားရန်လမ်းတစ်လမ်းတည်းသာရှိ၏။အရင်ဆုံးမျက်စိရှေ့ရှိတောင်ကြီး၏ထိပ်ပေါ်သို့တက်ရမည်။အချိန်မီမရောက်ခဲ့လျှင်တောင်တံခါးပိတ်သွားမည်ဖြစ်ပြီးလူပေါင်းများစွာတံခါးအပြင်ဘက်တွင်စောင့်နေကြလိမ့်မည်။
နန်ဟွာ(南华)ဂိုဏ်းသည်၅နှစ်လျှင်တစ်ကြိမ်သာတပည့်လက်ခံလေ့ရှိသည်။တပည့်လက်ခံရာတွင်လည်းစည်းကမ်းတင်းကြပ်၏၊ အကောင်းဆုံးကတော့အသက်မပြည့်သေးသောငယ်ရွယ်သူများဖြစ်သည်။စကားလုံးများစွာရေးထားသောစာရွက်တစ်ရွက်နှင့်အသစ်စက်စက်စာရွက်ဖြူတစ်ရွက်တွင်အမြဲသုံးလို့အကောင်းဆုံးကစာရွက်ဖြူဆိုသလိုပင်။ထို့ကြောင့်နန်ဟွာဂိုဏ်း၏ပုံမှန်စည်းကမ်းတစ်ခုအရအသက်၇နှစ်မှ၁၄နှစ်အောက်ကလေးသာရွေးချယ်ပွဲ၌ပါဝင်နိုင်၏။
နန်ဟွာဂိုဏ်းသည်မူလကပင်အရပ်လေးမျက်နှာမှမသေမျိုးဂိုဏ်းများ၏ဂိုဏ်းချုပ်ဖြစ်ပြီးထုန်းထျန်းဂိတ်တံခါးကိုစောင့်ကြပ်ပေးနေသောမသေမျိုးဓါးဂိုဏ်း(剑仙派)၏ခေါင်းဆောင်လည်းဖြစ်သည်။လွန်ခဲ့သော၅နှစ်ကနန်ဟွာ၏ထျန်းဇွင်း(天尊)မှာမိစ္ဆာအရှင်နိလွင်နှင့်တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီးအဆုံးသတ်တွင်မိစ္ဆာနန်းတော်အားဖျက်ဆီးကာနိလွင်အားဖယ်ရှားနိုင်ခဲ့သည်။မိစ္ဆာမျိုးနွယ်တွေလည်းမနေရဲကြတော့သလိုထိခိုက်ပျက်စီးစေရန်သောင်းကျန်းမှုတွေလည်းမလုပ်နိုင်ကြတော့။သို့သော်ထျန်းဇွင်းဒဏ်ရာအပြင်းအထန်ရပြီးသေဆုံးသွားခဲ့သည်။အရပ်လေးမျက်နှာမှဂိုဏ်းတူဂိုဏ်းသားများအားလုံးသူ့အကြောင်းပြောကြတဲ့အခါတိုင်းရိုသေလေးစားကြ၏။ထိုတိုက်ပွဲသည်နန်ဟွာဓါးဂိုဏ်းအားလူသားများ၏ရင်ထဲ၌မြင့်မြတ်သောနေရာတစ်ခုဖြစ်စေခဲ့သည်။
YOU ARE READING
ချုံဇီ
RomanceTitle - 重紫 Original Author - 蜀客 This is just a Burmese translation of the novel Chong Zi.All credit goes to original writer Shu Ke.