『Unicode』
မနက်ခင်းစောစောအချိန် ၊ နေရောင်က မျက်ခွံပေါ်သို့ ထိမှန်လာခိုက် ရှရှီးအိုက်မှာ တံခါးဘဲလ်ကြောင့်နိုးလာခဲ့သည်။ သူမျက်လုံးတွေပွတ်ရင်း ဖုန်းကို စမ်းကာ အချိန်ကြည့်ရန် ကြိုးစားလိုက်သော်လည်း ဖုန်းက ဘက်ထရီကုန်နေတာကို တွေ့လိုက်ရ၏။
မနေ့ညက ... သူ ကျန်းလျိုရှန်းက ဗွီဒီယိုကောလ်ခေါ်ခဲ့တာကို ခပ်ရေးရေးမှတ်မိသော်လည်း သူဘာတွေပြောခဲ့သလဲဆိုတာကို လုံးဝမမှတ်မိပါချေ။
ရှရှီးအိုက် ထထိုင်လိုက်ပြီး သမ်းဝေရင်း အောက်ငုံ့ကြည့်မိရာ သူဟာ လုံးဝတွန့်ကြေနေသည့် မနေ့ကရှပ်အင်္ကျီကို ဝတ်ထားဆဲဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ ဆံပင်တွေမှာလည်း ရှုပ်ပွနေလိမ့်မည်ဖြစ်သည့်တိုင် တံခါးဘဲလ် အရေးတကြီးမြည်နေသဖြင့် သူ့အဖို့ သပ်သပ်ရပ်ရပ်လုပ်ချိန်မရတော့။ သူ ရွေးစရာမရှိပဲ ဖိနပ်ပါးလေးစီး၍ အပေါက်ဝသို့အလျင်စလိုပြေးသွားကြည့်ရာ မော်နီတာစခရင်ပေါ်မှာ ရွှီထုံကို တွေ့လိုက်ရသဖြင့် ယုံကြည်မှုရှိရှိနှင့် တံခါးဖွင့်ပေးလိုက်တော့သည်။
ရွှီထုံက အဆောတလျင်ဖြစ်နေဟန်ပေါ်ပြီး တံခါးမှ မဝင်လာသေးခင် မေး၏ : " ဘာလို့ နင့်ဖုန်းက ပိတ်ထားရတာလဲ ? "
" မပိတ်ပါဘူး အဟွတ် အဟွတ် ! " ရှရှီးအိုက်မှာ လည်ချောင်းက မသက်မသာဖြစ်လာပြီး ဘယ်အချိန်ကအအေးမိသွားသလဲပင် မသိတော့ : " ဘက်ထရီကုန်သွားလို့ပါ။ နင်က ဘာလိုလို့လဲ ? "
" မနေ့ညက အိပ်လို့ပျော်ရဲ့လားလို့ ကြည့်ရတာ " ရွှီထုံက ပြောရင်း သူမဖုန်းကို ထုတ်လိုက်ပြီး : " ပြီးတော့ အင်တာနက်မှာ နင့်အကြောင်း သွားပုတ်လေလွင့်မှတ်ချက်တွေရှိနေတယ်။ အကြမ်းအားဖြင့်တော့ ငါဖိထားပြီးပေမယ့် ငါနင့်ကိုသတိပေးရတော့မယ်။ လတ်တလော ဂရုစိုက်ဦး တချို့က နင့်ကို ပစ်မှတ်ထားနေတယ်။ "
ရှရှီးအိုက်မှာ သူမ၏ အမူအရာမှ အခြေအနေသည် အနည်းငယ် ပြင်းထန်နေကြောင်း အကဲဖြတ်လိုက်ရသည်။ ထို့ကြောင့်သူ ချက်ချင်းဖုန်းကို ယူ၍ ရွှီထုံ၏ စခရင်ရှော့တွေကို ယူကြည့်လိုက်၏။
YOU ARE READING
သီးသန့်အချစ် || ဘာသာပြန် ||『 Completed』
Romance" ကိုယ့်မိသားစုက ကိုယ့်ကို အဲ့လိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် ကိုယ်က အပြစ်ရှိစိတ်နဲ့နောင်တတွေကို ခံစားရတုန်းပဲ။ အဲ့ဒါက--- မင်းနဲ့ မတွေ့ခင်အထိ "