Part 1

1.1K 109 24
                                    

လေတဖြူးဖြူးတိုက်ခတ်လျက်ရှိသဖြင့် ယိမ်းထိုးနေသော ဂျုံပင်များကြားမှာ ကောင်လေးနှစ်ယောက်သည် ရယ်ကာမောကာဖြင့် ပြေးလွှားလျက်ရှိသည်။အတိအကျ‌ ပြောရလျှင် တစ်ယောက်တလှည့်စီ ပြေးတမ်းလိုက်တမ်းကစားနေခြင်း မဟုတ်ပဲ ရှေ့ကတစ်ယောက် ပြေးတာကို နောက်ကလူက ဖမ်းမိဖို့ အမှီလိုက်နိုင်ပါရဲ့သားနဲ့ မဖမ်းပဲ တမင်အရှုံးပေးကာ ခပ်နှေးနှေးလေးသာ ပြေးနေခြင်းဖြစ်၏။

‌တစ်နှစ်တည်း၊တစ်လတည်း၊တစ်ရက်တည်း၊တစ်ချိန်တည်း မိနစ်မခြား မွေးဖွားလာသော သူတို့နှစ်ယောက်သည် မွေးချင်းအမြွှာတွေမဟုတ်သော်ငြား သွေးသားမတော်စပ်ပေမယ့် သွေးချင်းတွေထက် ပို၍ သွေးစည်းခဲ့ပါသည်။ဂိုလျောပြည်၏ အဓိကအသက်မွေး၀မ်းကြောဖြစ်သော စိုက်ပျိုးရေးနယ်မြေဖြစ်သည့် ၀မ်ထုံနယ်မြို့စားကြီး၏အိမ်တော်က သခင်လေးကင်မ်နဲ့ နယ်စောင့်တပ်ဗိုလ်မှူး၏သားဖြစ်သူ သခင်လေးဂျွန်တို့ဟာ လေးဘက်တွားသွားတတ်ခါစအရွယ်တည်းက အခုလို လူပျိုပေါက်စဖြစ်တဲ့အထိ ဆော့ဖော်ဆော့ဖက်။

“ငါမပြေးနိုင်တော့ဘူးကွာ မောတယ်”

“အရင်လာစိန်ခေါ်တာ ဘယ်သူလဲ”

ခပ်လှမ်းလှမ်းအကွာအဝေးကနေ ပြန်ပြီးအော်ပြောလိုက်တော့ ကင်မ်ဟာ ပါးဖောင်းဖောင်းလေးတွေ မို့တက်သွားသည်အထိ ရယ်ပြသည်။ကင်မ် ရယ်နေချိန် အနားမှာမရှိသဖြင့် ကိုယ့်ကိုကိုယ် အ‌နောက်ကနေ ခပ်နှေးနှေးလိုက်ခဲ့မိခြင်းကို နောင်တရမိသွားသည်။ဒီလို ရယ်ပြုံးနေတာကို နေ့တိုင်း မြင်နေကျဖြစ်သော်လည်း ကင်မ် ဒီလိုပြုံးတိုင်း အနားကနေ အနီးကပ် အသေးစိတ်သေချာကြည့်ရှူခွင့်ရချင်တာသူ့ရဲ့ လောဘသေးသေးလေးတွေထဲက တစ်ခု။

ကင်မ်ဟာ တကယ်ကို ပင်ပန်းသွားသည့်ပုံပင်။ဆက်မပြေးတော့ဘဲ ဂျုံခင်းဘေးက ချယ်ရီပင်အောက်မှာ သွားထိုင်နေတော့သည်။ချစ်ရသူ‌လေးက မောနေပြီဆိုတော့လည်း ဂျွန်ဟာ အလိုက်တသိပင် သူ့အတွက်ယူလာခဲ့သည့် ရေဘူးလေးကို အမြဲလွယ်ထားသည့် အိတ်လေးထဲမှ ထုတ်ယူလိုက်သည်။

“ဟာ မင်း ရေဘူး ယူလာတာလား...အဆင်သင့်ပဲ ဂျွန်ရာ ငါတကယ်မောနေတာ”

EMPRESS KIM's JEONWhere stories live. Discover now