အေးစက်စက် ဘန့်ခန္ဓာကိုယ်လေးကို သူမ ပိုက်ထားကာ သူ့မျက်နှာလေးကို ငုံ့ကြည့်မိသည်။ မျက်နှာချောချောမှာ သွေးစသွေးနတို့ ပေကျံနေသည်။ သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ကြမ်းပြင်သို့ ချလိုက်ပြီး အခန်းထဲကို သူမ သွားသည်။
ဗီဒိုထဲက ပုဝါကိုယူကာ ဘေစင်ဆီသွားပြီး ရေအနည်းငယ် စွတ်လိုက်သည်။ နောက်ထပ် ပုဝါတထည်ကိုပါ ကိုင်လာပြီး ဘန်ရှိရာ ပြန်လာသည်။ သွေးတို့ စွန်းထင်းနေတဲ့ မျက်နှာလေးကို နာကျင်သွားမှာစိုး၍ ရေစိုပုဝါနဲ့ ဖြည်းဖြည်းချင်း သန့်စင်ပေးသည်။ ဘန့်ခန္ဓာကိုယ်အား ဂျီဆူးပွေ့ထားပြီး ကလေးတယောက်လို ပြုမူမိသည်။
သူမတို့ လက်မထပ်ခင်ကရော၊ လက်ထပ်ပြီးတဲ့အချိန်တွေအထိပါ ဘန့်အား တခါတောင်မှ သေချာမကြည့်ခဲ့မိဘူး။ ဘန့်ရဲ့လည်တိုင်မှာ မှဲ့နက်လေးရှိတာပဲ။ သူမရဲ့လက်ညိုးလေးနဲ့ ဖွဖွ ထိတွေ့လိုက်သည်။ ဘန့်နဖူးကို တချက်မျှ ငုံ့နမ်းကာ ညစ်ပေနေသော လက်ချောင်းလေးတွေကို ထပ်မံသန့်ရှင်းပေးသည်။ ဘန့်ရဲ့လက်သည်းခွံလေးတွေက တိုတိုလေးတွေ။ ခွဲစိတ်ဓား အမြဲကိုင်နေသူမို့ လက်သည်းရှည်မထားခဲ့။ ဒီလိုဆိုပြန်တော့ ဘန့်ကို လက်သည်းတောင် ညှပ်မပေးဖူးဘူးဆိုတာ သတိရသွားသည်။
သူမရဲ့လက်တွေကို ဖြန့်ကြည့်မိလိုက်တော့ သူမတို့ မဝေးကွာခင် ဘန်ဆိုးပေးထားတဲ့ လက်သည်းဆိုးဆေးက ခပ်ဖျော့ဖျော့ကျန်သေးသည်။ သူမ ခန္ဓာကိုယ်မှာ ဘန့်သွေးတွေ နီစွေးနေသည်။ ဘန့်ကို အင်္ကျီလဲမပေးသလို သူမလည်း ဒီအတိုင်းသာ။ မခုန်တော့တဲ့ နှလုံးကို ပြန်လည်နိုးထလာမလားဆိုတဲ့စိတ်နှင့် ဘန့်ရင်ဘတ်ဆီ သူမဦးခေါင်းကပ်ကာ နားထောင်လိုက်သည်။ ငံ့လင့်နေသည့်အရာက မဖြစ်နိုင်ပေမယ့် ဘန်အသက်ရှူသံလေးအား ကြားချင်သေးသည်။
ဖြူဖျော့လာတဲ့ နှုတ်ခမ်းပါးလေးကို တချက်ငုံ့နမ်းပြီး အိပ်ပျော်နေသော ဘန့်မျက်နှာလေးကို သူမ ပြုံး၍ ကြည့်နေမိသည်။ ဘန် မရှိတော့ဘူးဆိုတာ သူမ သိသည်။ ဒီအခြေအနေဟာ နာရီအနည်းငယ် လွန်မြောက်ပြီးပါက ဘန့်ကို ထာဝရဆုံးရှုံးရတော့မည်ဆိုတာလည်း သိ၏။ သူမအား ချစ်တဲ့လူတယောက်ကို ဤကဲ့သို့ နောက်ထပ် ဆုံးရှုံးလိမ့်မည်ဟု ထင်မထားခဲ့။ ဘန့်ကို ထွက်သွားခိုင်းခြင်းက စိတ်ဆိုးနေ၍သာဖြစ်ပြီး သူ့အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်ခဲ့တာ ကြာပြီဖြစ်သည်။

YOU ARE READING
The Angel Who Saved Me
Fanfictionရုတ်တရက် အလင်းတန်းတွေကျရောက်ကာ ကျွန်ုပ်အား နတ်သမီးတပါးကယ်တင်သွားသလား