အကြိမ်ပေါင်းများစွာမြင်ဖူးနေကြမြင်ကွင်းပေမယ့် ဟန်မြစ်ရဲ့ညရှုခင်းကိုတော့ ဆောနူရိုးမသွားသေးပေ။ရောက်ဖြစ်သည့်အခါတိုင်းမှာ မျက်စိတဆုံးကရေပြင်ကျယ်ကိုအကြောင်းမဲ့ငေးကြည့်မိတတ်ဆဲပင်..။ကမ်းနားဘေးဖြစ်နေသည်မို့ လေထုကတော့ချမ်းစိမ့်စိမ့်။
"ဒါ ခြုံထားလိုက်.."
ချိုရှရှအနံ့က ဆောနူ့နှာခေါင်းဝမှာသင်းကနဲ။ချက်ချင်းဆိုသလိုပုခုံးပေါ်မှတဆင့်ခန္ဓာကိုယ်အပေါ်ပိုင်းဆီသို့ အနွေးဓာတ်ကလွှမ်းခြုံသွား၏။ဆောနူငုံ့ကြည့်လိုက်တော့ အနက်ရောင်ခြုံစောင်အသေးလေးတစ်ထည်ဖြစ်နေသည်။
ကားပေါ်ကဆင်းဆင်းချင်းမှာ သူရှာနေခဲ့တဲ့တစ်စုံတစ်ရာက ဒီခြုံစောင်ဖြစ်နေခဲ့တာလား...။"ဘာတွေတွေးနေတာလဲ"
"ဟင့်အင်း"
ကားရှေ့ခေါင်းကိုခပ်လျော့လျော့မှီရပ်နေကြရင်းက သူ့ဘက်မှဆောနူ့မျက်နှာကိုငဲ့မိုးကြည့်လာတာဖြစ်သည်။ခပ်လှမ်းလှမ်းမှာတော့ သူ့လက်ထောက်ရဲ့ကားနှင့်bodyguardတွေရဲ့ကားက ဖြန့်ကျက်၍ရပ်ထားလျက်။
"ကိုယ့်အပေါ်ကိုများ စိတ်ခုနေတာလား။ဟွန်း...မင်းစိတ်ခုမယ်ဆိုလည်းဖြစ်သင့်တာပါပဲ။အခုချိန်ထိ ကိုယ်မင်းကိုပြန်လွှတ်မပေးမိသေးဘူးမလား..."
"ကျွန်တော့်ဆန္ဒရှိနေလို့ပါ။ဒုဝန်ကြီးချုပ်ဘက်ကခေါ်ထားလို့ချည်းရယ်ပဲ မဟုတ်ပါဘူး"
တွေးတွေးဆဆပြောနေတဲ့သူကို ဆောနူဖျတ်ကနဲမော့ကြည့်လျှင် နှုတ်ခမ်းနှစ်လွှာကိုခပ်တင်းတင်းစေ့ထားတဲ့သူနှင့်မျက်ဝန်းချင်းဆုံ၏။ဆောနူ့စကားကိုကြားပြီးနောက် ပြောင်းလဲသွားတဲ့သူ့မျက်နှာအမူအယာက သိသိသာသာ။
"ဒါဆိုရင် ဒီနေရာမှာကိုယ်တို့ရှိနေကြတာက နှစ်ဦးနှစ်ဖက်လုံးရဲ့ဆန္ဒကြောင့်ဆိုပီး ကောက်ချက်ချလိုက်လို့ဖြစ်တယ်မလား"
ဆောနူနှာခေါင်းတစ်ချက်ရှုံ့၍ ပြုံးစပြုနေသည့်နှုတ်ခမ်းတို့ကိုထိန်းလိုက်ရသည်။ဒီလူဟာ သိပ်ကိုလည်တာပဲ။