"ဒါဆိုရင် စာချုပ်ကဖျက်သိမ်းလိုက်ပြီလို့ ယူဆလိုက်ပါတော့မယ်။ကျန်တဲ့အပိုင်းကိုတော့ ရှေ့နေနဲ့ပဲစကားဆက်ပြောလိုက်ပါ""ကာယကံရှင်နဲ့စကားပြောခွင့်ရချင်ပါတယ် ဒုဝန်ကြီးချုပ်"
"သူ့အုပ်ထိန်းသူဖြစ်တဲ့ကျွန်တော့်စကားကို အယုံအကြည်မရှိတဲ့သဘောလား"
"ဟုတ်ကဲ့"
မျက်ဝန်းနက်တစ်စုံက အေးစက်သွား၏၊၊မျက်ဝန်းထောင့်ဖျားတွေမှေးကျဉ်းသွားကာ ပေါင်ပေါ်တင်ထားသည့်လက်တစ်ဖက်မှာ လက်သီးဆုပ်အသွင်ပြောင်းသွားရသည်။သို့သော် မျက်နှာထားကတော့ခက်ထန်မနေ။
မရယ်၊မပြုံးမျက်နှာမှာ အပြုံးတုတစ်ခုပါတပ်ဆင်ပြီးမှ ရှေ့မှာထိုင်နေတဲ့စီအီးအိုဆိုသူဆီ ဖိတ်စာတစ်ချပ်ကိုလက်ဖျားဖြင့်တောက်၍တွန်းပို့လိုက်၏။မှန်စားပွဲဖြစ်သည်မို့ ဖိတ်စာလေးဟာလျောကနဲပင် လိုရာကိုတန်းရောက်သွားရှာသည်။
"မဂ်လာပွဲဖိတ်စာပါ။ပွဲတတ်လာတဲ့နေ့ကျရင် သူနဲ့တွေ့ခွင့်ရနိုင်ပါလိမ့်မယ်။ဒါပေမယ့် သူနဲ့စကားပြောခွင့်ရလိမ့်မယ်လို့တော့ အာမ မခံနိုင်ဘူး။ရ ထားတဲ့အိုမီဂါလေးကအလှလေးဆိုတော့ သူစိမ်းတွေနဲ့ရောရောထွေးထွေးနေတာမျိုး သိပ်ဘဝင်မကျတတ်လို့လေ.."
ကိုယ့်လူကိုယ်ပိုင်နိုင်ကြောင်း စကားနဲ့တင်တင်စီးစီးပြောအပြီးမှာ စီအီးအိုဆိုသူ၏မျက်နှာက သွေးကြောတွေပေါက်ထွက်လုမတတ်ကိုနီရဲနေ၏။နားရွက်ဖျားတွေနှင့်လည်ပင်းတဝိုက်အထိပါ နီရဲနေတာမို့ ဆောင်းဟွန်းအားရကျေနပ်စွာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပြီးမှ ထိုင်နေရာကနေထရပ်သည်။
ရှေ့နေကတော့ ထိုစီအီးအိုဆိုသူနှင့်စကားဆက်ပြောစရာတွေရှိနေသေးသည်မို့ ဒီအခန်းထဲမှာကျန်ရစ်ခဲ့ရမည့်သူဖြစ်သော်လည်း ဒုဝန်ကြီးချုပ်မက်တပ်ထရပ်တော့ သူလည်းထိုင်မနေဝံ့။နေရာမှထရပ်ကာ ဒုဝန်ကြီးချုပ်အရိပ်အခြေကိုအကဲခတ်လျှင် ဆက်ထိုင်နေဖို့ဒုဝန်ကြီးချုပ်မှမျက်ရိပ်ပြသည်။