အလယ်မှာစားပွဲတစ်လုံးခြားနေ၍သာတော်သေးသည်။မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့လူနှစ်ဦး၏မျက်နှာထားတွေက တင်းမာခက်ထန်နေကြ၏။ဒီအခန်းထဲမှာထိုလူနှစ်ဦးတွေ့ဆုံကြဖို့အတွက် ရုံးခန်းနေရာဖယ်ပေးလိုက်ရတဲ့ထောင်မှူးမှာတော့ ခိုင်ခံ့သောတံခါးချပ်၏နောက်မှာ ဒုဝန်ကြီးချုပ်ရဲ့နောက်လိုက်တစ်ချို့နှင့်အတူ အသင့်အနေအထားဖြင့် ရှိနေရတော့သည်..။
"ကျွန်တော်နဲ့ဆောနူ..လက်ထပ်မယ့်နေ့ကိုတော့ သိပြီးလောက်ပြီပေါ့"
"......."
ကင်ဆောမင်ပြန်မဖြေပဲ ခပ်ဆိတ်ဆိတ်သာနေ၏။အဓိပ္ပါယ်တစ်ချို့ကပ်ပါနေတဲ့ အဲ့ဒီကောင်ရဲ့မျက်နှာကို မမြင်ချင်တာကြောင့်ရော မျက်လွှာပါချထားလိုက်သည်။
"ခင်ဗျားကိုဒီနေ့လာတွေ့ရတဲ့အကြောင်းအရင်းကတော့ ဆောနူကြောင့်ပဲ။ဆောနူက ခင်ဗျားကိုကျွန်တော့်ထက်တောင် ပိုပြီးချစ်တယ်ဆိုတာ ခင်ဗျားလည်းသိမှာပါ.."
ငယ်လေးအကြောင်းပါလာတော့ ကင်ဆောမင့်မျက်နှာထားကတင်းမာနေရာမှအတန်ငယ်လျော့ချင်သွား၏။သူ့ရှေ့ကကောင်က စကားအပြောအဆိုပြေပြစ်နေတာကြောင့်လည်း ပါမည်။
"ကျွန်တော်ဆောနူကို ချစ်တယ်...။ခင်ဗျားရဲ့လုပ်ရက်တွေမသိခင်တည်းက ဆောနူကိုကျွန်တော်ချစ်ခဲ့တာ...ဒီအကြောင်းတွေဘာလို့ခင်ဗျားကိုပြောပြနေတာလဲဆိုရင် ခင်ဗျားစိတ်ထဲမှာ ဆောနူကိုကျွန်တော်အမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုတာကို ယုံကြည်စေချင်လို့ပဲ"
"ဟွန်း!!ငါမင်းကိုယုံကြည်ပေးဖို့ မင်းဘက်ကမျှော်လင့်နေတာလား"
"ယုံကြည်စေချင်တယ်ဆိုတဲ့စကားက ခင်ဗျားက ဆောနူရဲ့အကိုဖြစ်နေလို့ ကြားကောင်းအောင်သုံးလိုက်တဲ့စကားတစ်ခွန်းပဲ..အဟွန်း!ခင်ဗျားမယုံရင်တောင် သိထားလိုက်ပေါ့ဗျာ...ခင်ဗျားညီကို ကျုပ်ကစောက်ရမ်းချစ်နေပါတယ်ဆိုတာကို!ခင်ဗျားညီကလည်း အခုဆိုရင် ကျုပ်မှကျုပ်ဖြစ်နေပြီလေ.."
"မင်း!!"
ကုတ်အတွင်းမှရှပ်အက်ျီ၏ကော်လံအစကို အားနဲ့လာဖျစ်ကာ မျက်နှာကိုဆွဲထိုးဖို့ဟန်ပြင်နေသူအား ဆောင်းဟွန်းမဲ့ပြုံးဖြင့်သာတုံ့ပြန်လိုက်သည်။ထို့နောက် လာရှုပ်နေသောလက်တစ်ဖက်အား အားနှင့်ပုတ်ထုတ်လိုက်လျှင် တစ်ဖက်ကလည်းမခေပါ။ဆောင်းဟွန်းလက်ကိုတန်ပြန်ဖြတ်ရိုက်လိုက်သည်ပင်။