လက်ကောက်ဝတ်တစ်ဖက်ကိုဆွဲကိုင်ထားတဲ့သူ့လက်က မြဲမြံနေလျက်။ဆောနူ့ဘက်ကရုန်းဖယ်ခြင်းမရှိတော့ ဖိဆုပ်ထားသည့်အားကိုလျော့ကာ လက်ကောက်ဝတ်မှတဆင့် လက်ချောင်းချင်းယှက်၍ဆုပ်ကိုင်လာ၏။ထို့နောက် သူ့လက်ဖဝါးထဲမှာ ဆောနူ့လက်ဖဝါးလေးနစ်မြှုပ်နေသည်ကို ငုံ့ကာကြည့်ပြီး စိတ်ထဲမပါသည့်အသံဖြင့် သူဟွန့်ကနဲရယ်သည်..။"ကိုယ့်ကိုပစ်ထားပြီးရင်လည်း ကောင်းကောင်းနေ'နေမှပေါ့ဆောနူ..။ဒါမှကိုယ်မင်းကို အပြစ်ရှာလို့ရမှာမဟုတ်လား.."
"........."
"အိမ်တံခါးဖွင့်လိုက်...ဒီနေ့တော့ကိုယ်မင်းနဲ့စကားပြောရမှဖြစ်မှာ..။ပစ်ချထားခံခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ မင်းဆီကဖြေရှင်းချက်ကို ကိုယ်ကြားချင်တယ်ဆောနူ.."
သူမပြောလည်း ဆောနူသူ့ကိုအိမ်ထဲခေါ်ဖို့တွေးထားခဲ့ပြီးသားပါ။ဒီအထိရောက်လာပြီးမှတော့ တခြားနေရာလည်းဆောနူသူ့ကိုခေါ်ထုတ်မသွားချင်ပါ..။နောက်ပြီး အပြင်ခေါ်ထုတ်သွားလို့ တစ်စုံတစ်ယောက်နဲ့များမိသွားရင် နာမည်ကျမှာက သူသာဖြစ်သည်။ဆောနူကတော့ ဒီ့ထက်ပိုပြီးနာမည်ပျက်စရာလည်း မရှိတော့ဘူးမို့ ဘာကိုမှသိပ်ဂရုမစိုက်ပေမယ့်လို့ပေါ့..။
"ဟို...ဖိနပ်က..ဒုဝန်ကြီးချုပ်နဲ့တော်တဲ့ဖိနပ်မရှိလို့..."
"ရတယ်။ကိုယ်ဒီတိုင်းပဲ နေလို့အဆင်ပြေတယ်"
အဝင်ဝမှာချွတ်ထားခဲ့သည့်သူ့ရှူးဖိနပ်ကိုဆောနူသေချာစီကာ ဖိနပ်စင်ဘေးထားလိုက်၏။အိမ်မှာရှိနေသည့်ဖိနပ်တွေထက် sizeကြီးနေသည်က သိသိသာသာပင်..။
"ဒါက ရေချယ်ဆိုတဲ့တစ်ယောက်ရဲ့အိမ်လား"
"ဟုတ်ကဲ့..။လီလီနဲ့ရေချယ့်အိမ်ပါ။အခုလောလောဆယ်တော့ ကျွန်တော်ရောအတူနေ'နေတာ"
"မင်းအခန်းက ဘယ်ဘက်မှာလဲ"
အရာရာကိုစူးစမ်းမှုအပြည့်ဖြစ်နေသည့်မျက်ဝန်းတို့ဖြင့် ကွန်ဒိုအခန်းအတွင်းဝေ့ဝဲကြည့်နေရာမှ သူ့အတွက်ဖိနပ်ယူလာတဲ့ဆောနူကိုလှည့်မေး၏။ဆောနူမဖြေခင် ထိုဖိနပ်ကိုသူ့ခြေထောက်နားချပေးကာ..