တိတ်ဆိတ်နေကာ၊ဧည့်ခန်းအတွင်းမှာ တင်းမာနေသည့်လေထုကပြည့်နှက်နေ၏။ပတ်ခ်ဟိုဆဲ့ကတော့ သူ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့မြေးဖြစ်သူကို အလိုမကျသည့်မျက်ဝန်းတစ်စုံဖြင့် စိုက်ကာကြည့်နေသည်။"ကျွန်တော်သူ့ကိုပြန်ခေါ်မှာ အဘိုး"
"ဒီအိမ်ကနေ သူ့စိတ်သဘောနဲ့သူထွက်သွားတာဆောင်းဟွန်း။မင်းနားမနေချင်တဲ့လူတစ်ယောက်ကို ဒီလောက်ထိခယနေဖို့လိုလား"
"လိုတယ်။လိုတယ် အဘိုး။သူဖြစ်နေလို့ကို လိုအပ်တာ။သူ့ကိုကျွန်တော်အဆုံးရှုံးမခံနိုင်ဘူးလို့ အဘိုးကိုပြောခဲ့ပါတယ်။အဲ့ဒီစကားက စကားသက်သက်တင်မဟုတ်ဘူး...ကျွန်တော်သူ့ကိုတကယ်ချစ်တာ"
ဆိုဖာနောက်မှီမှာခပ်လျော့လျော့မှီ၍ထိုင်နေရင်းမှ အဘိုးစကားကိုတန်ပြန်ချေပလိုက်၏။
သူ့ကလေးငယ် အိမ်ကထွက်သွားတယ်ဆိုတည်းက ဆောင်းဟွန်းရင်ထဲမှာအပူလှိုင်းတွေတိုးလာနေတာ..။ချက်ချင်းလိုက်ခေါ်ဖို့ထက် ဧည့်ခန်းမှာအသင့်စောင့်နေတဲ့အဘိုးကိုရင်ဆိုင်ဖို့ပဲ သူရွေးချယ်လိုက်တယ်။ဘာလို့ဆို သူ့ရင်ထဲကခံစားချက်တွေကို အဘိုးလိုလူနားလည်အောင်အရင်ပြောပြထားမှကိုဖြစ်မည်မို့..။
"သူ့အပြစ်အနာအဆာတွေကိုမမြင်ရလောက်အောင်အထိ မင်းအချစ်မှာစုံလုံးကန်းနေပြီလို့တော့ ငါ့ကိုမပြောနဲ့ဆောင်းဟွန်း။
ပြစ်မှုရာဇဝင်ရှိတဲ့မိသားစုနဲ့ငါတို့ကအမျိုးတော်ရမှာလား။မင်းဂုဏ်သိက္ခာကိုမငဲ့ရင်တောင် ငါ့မျက်နှာကိုတော့.""သူ့မှာဘာအပြစ်အနာအဆာမှမရှိဘူး အဘိုး။ဒီလိုစကားမျိုးကို ကျွန်တော့်ရှေ့ထပ်မပြောမိပါစေနဲ့။ဒါ ကျွန်တော်သတိပေးတာ"
ပတ်ခ်ဟိုဆဲ့မျက်နှာမဲကနဲဖြစ်သွားသည်။ဆောင်းဟွန်းကတော့ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ပိတ်ထားကာ အရယ်အပြုံးမဲ့လျက်ငြိမ်နေဆဲ။
"အဲ့ဒီကောင်လေးအတွက်နဲ့ အဘိုးအပေါ်ကိုဒီလိုစကားမျိုးပြောထွက်တာလားဆောင်းဟွန်း"