~တီ~တီ
ဘေးနားကမြည်နေတဲ့ဖုန်းသံကြောင့် အိပ်ချင်မူးတူးဆွဲယူလိုက်ရင်း
"ဟယ်လို"
တစ်ဖက်က ဖြေသံထွက်မလာတာကြောင့် အသံပေးဖို့ပြင်ဆင်လိုက်ချိန်
"ခုမှအိပ်ယာနိုးတာလား"
ခပ်ရှရှအသံဟာ သေချာပေါက် ဦးဘုန်းထည်ယံဏီပင်။ဖုန်းကို နားနားကခွါရင်း ကြည့်မိတော့ Contact name ဟာ အလုပ်ရှင်ဦးလေးအဖိုးကြီးတဲ့...
နှစ်ဖက်စလုံးအသံတွေခဏလောက် တိတ်ဆိတ်သွားတော့ ဖုန်းတစ်ဖက်ခြမ်းကနေ ဦးဘုန်းထည်ယံဏီ့အသက်ရှူသံ ခပ်ရဲ့ရဲ့ကိုကြားနေရသည်။
မျက်နှာပေါ်ကျရောက်လာတဲ့ နေရောင်ခြည်တစ်စိုးတစ်စကိုလက်ဖြင့် လှမ်းကာလိုက်ရင်း ခွန်းခပြုံးလိုက်မိသည်။
"ဟုတ်တယ် ခုမှနိုးတာ ညကနည်းနည်းနောက်ကျသွားလို့ဦးထည်"
"ဒီနေ့အားလား"
"အားပါတယ် ဘာလို့လဲ"
"အဆောက်အဦးပုံကြမ်း ကိုယ့်ဆီယူလာပေးမလား"
"ဘယ်ကိုလဲ ဦးထည့်အိမ်လား"
"ဟုတ်တယ် ကိုယ်ဒီနေ့ အိမ်မှာလုပ်စရာမရှိတာနဲ့...အင်း မင်းအဆင်ပြေမှပါ"
စကားဆုံးသည်နဲ့ အိပ်ချင်စိတ်ဝေနေသည့် မျက်ဝန်းတစ်စုံသည် ချက်ချင်းဆိုသလို ကြည်တောက်သွားတော့သည်။ကုတင်ပေါ်ငုတ်တုတ်ထထိုင်လိုက်ရင်း
"ရ ရတယ် ဦးထည် အိမ်လိပ်စာပြောပါ"
ဖုန်းချပြီးသည်နဲ့ ကုတင်ပေါ်မှ အပြေးဆင်းကာ စာရွက်စာတမ်းတွေကို သေချာရှာရသည်။မေ့မကျန်စေရန် စားပွဲပေါ်သို့ သေချာတင်လိုက်ပြီးနောက် ရေချိုးခန်းထဲသို့ပြေးဝင်ရတော့သည်။
ခလုတ်နှိပ်တော့ ကျလာသည့် ရေအေးအေးတွေကြောင့် ခန္ဓာကိုယ်လေးတစ်ချက်တုန်သွားပေမယ့် အားတင်းကာချိုးလိုက်ရသည်။
ခေါင်းကို၁၀မိနစ်ခန့်သေချာပုံသွင်းရင်း မျက်နှာနုနုထက် နို့ရည်တွေလောင်းချလိုက်သည်။ဆိုးဆေးမလိုတဲ့ နှုတ်ခမ်းရဲရဲကို ကြည့်ရင်း သဘောကျ ပြုံးလိုက်မိသည်။