ယခုမူ လွန်းစေကကြိုး ၊ လွှမ်းအာဏာပြင် နှင့် နန်းကလျာဏီ တို့က လေဆိပ်တွင် တစ်စုံတစ်ယောက်ကို စောင့်နေကြလေသည်။
ထိုအချိန် လူကြားမှ ကြားလိုက်ရသည့်အသံကြောင့် လွန်းစေကကြိုး နဲ့ လွှမ်းအာဏာပြင် တို့ကတော့ သက်ပြင်းချမိသော်လည်း နန်းကလျာဏီ ကတော့ အပျော်ကြီးပျော်နေလေသည်။
ထိုအသံမှာ.....
"ချစ်လေးတို့ရေ...."
ထွက်ထွက်လာချင်း လူကြားထဲတွင် အရှက်မရှိ အော်ခေါ်နေသော သကြားလုံးမ....
ဟုတ်ပါသည်။ ထိုသူက နန်းကလျာဏီ ၏ ခွက်ကြီး Candyချိုမွှေး ဖြစ်လေသည်။
ချက်ချင်းပြေးလာကာ နန်းကလျာဏီ အား ဖက်လိုက်ပြီး တမွမွ ဖြင့် နမ်းနေလိုက်တာ ဘေးနားမှ လူတွေတောင် ကွက်ကြည့်ကွက်ကြည့်ဖြင့်.....
ဟိုနှစ်ကောင်ကတော့ တစ်ယောက် နှင့် တစ်ယောက် ကပ်ကာ....
"ဟျောင့် လွှမ်းပြင် ရေ ငါတော့ အနံ့တွေရနေပြီနော်...."
လွှမ်းပြင် ဆိုသည်က လွှမ်းအာဏာပြင် ၏ အရှေ့ဆုံးနာမည်အစနှင့် နောက်ဆုံးပိတ်နာမည်ကို ပေါင်း၍ ခေါ်သည့် နာမ်စားလေးပင်။
"အေးဆို ငါလည်း အနံ့တွေရနေတာ ကကြိုးရ...."
တစ်ဖက်တွင်တော့ Candy တစ်ယောက် က.....
"အချစ်လေးကို လွမ်းနေတာ... မွ မွ...."
ဒီလိုတွေ အချိုသက်မှုကြောင့်ပဲ နန်းကလျာဏီ တစ်ယောက် Candyချိုမွှေး ၏ အချစ်ထောင်ချောက်ထဲမှ မလွတ်နိုင်ခြင်းဖြစ်လေသည်။
"ဖယ်ပါတော့ဟာ.... သူများတွေကြည့်နေကြပြီ...."
"သူတို့မှာ မျက်လုံးပါလို့ ကြည့်တာ ကြည့်ပါစေ.....
သူများက အချစ်လေးကို လွမ်းလို့ဟာကို.... ဘာလဲ ငါ့ကို မလွမ်းဘူးလား.... ရည်းစားရနေပြီလား..."
ခုနကနှင့်မတူ ချက်ချင်းအသံပြောင်းသွားသူကြောင့် ကလျာ တစ်ယောက် ဘုရားသာတမိသည်။
Candyချိုမွှေး ဆိုသည်က ဝါးတားမယ်လွန် = ဖရဲသီး ဖြစ်ကြောင်းကို ကလျာ အသိဆုံးပင်။