အခုဆိုလျှင် ကာလာ နဲ့ ကကြိုး တို့ကလည်း အတွဲများ ဖြစ်သွားသလို ဒီမနက်တင်ပဲ Candy ကလည်း ကလျာ က သူမရဲ့ ရည်းစားဖြစ်ကြောင်းကို တရားဝင်ချပြခဲ့လေသည်။
ထိုအခါတွင် ပါးစပ် အဟောင်းသားဖြင့် ဖြစ်နေသည့် တစ်ယောက်တည်းသော သူမှာ လွှမ်းအာဏာပြင် ဆိုသည့် သူတစ်ယောက်ထဲပင်။
အိမ်မှာ လူငါးယောက်ရှိတာ လေးယောက်က အတွဲတွေဖြစ်တော့ လွှမ်းပြင် တစ်ယောက်ထဲသာလျှင် ဆစ်ဂနယ်လေး ဖြစ်နေလေသည်။
"ဆိုးလိုက်တဲ့ ငါဘဝလေး...."
ရုံးခန်းတွင် ထိုင်နေကာ ကိုယ့်အဖြစ်ကို ပြန်စဉ်းစားရင်း သနားနေမိပြန်သည်။
"အာစိ...."
ခေါ်သံကြားမှ လှမ်းကြည့်သော် အတွင်းရေးမှူး ဖြစ်နေလေသည်။
"အင်း ပြော...."
"အာစိ ထိုးကြိတ်ခိုင်းထားတဲ့ ဘဲကြီးကို ကျွန်တော်သေချာလေး အရောက်ပို့ပြီးပါပြီဗျ...."
ဟုတ်ပါသည်။ လွှမ်းပြင် မွေးထားသည့် လူမိုက်များကို အတွင်းရေးမှူး ကပါ ထိန်းချုပ်ပေးထားလေသည်။
"ဘယ်ပို့လိုက်တာလဲ.... ရေဝေးလား သင်္ချိုင်းကုန်းလား...."
"ဘယ်မှမဟုတ်ပါဘူးဗျာ.... ထောင်ထဲကိုပါ...."
"ဘယ်လိုဖြစ်လို့လဲကွ.... ငါက ဒီတိုင်းပဲ ကြိတ်ခိုင်းလိုက်တာလေ...."
"ဒါက ဒီလိုဗျ.... အာစိ သူငယ်ချင်း မမလေး ကလျာ ရဲ့ လူတွေက ရောက်ချလာပြီး အဲ့ဘဲကြီးကို သူတို့လက်ထဲ အပ်လိုက်ပါဆိုပြီး ပြောတော့ ကျွန်တော်ကလည်း မသေရုံတမယ် နှိပ်စက်ထားတော့ ကျေနပ်သွားတာနဲ့ ထည့်ပေးလိုက်တာ.....
နောက်တော့ ပြန်စုံစမ်းကြည့်တော့ အဲ့ဘဲကြီးကို အင်းစိန်ထောင်ထဲကို အရောက်ပို့လိုက်တာတဲ့....
မမလေး ကလျာ ပို့တာဆိုတော့ အဲ့ဘဲကြီး က တစ်သတ်တစ်ကျွန်းပဲ သေချာတယ်....
ဪ.... နောက်ပြီးတော့ မမလေး ကလျာကို ကူညီတဲ့အနေနဲ့ ထောင်ထဲက ကျွန်တော်တို့ လူအချို့ကိုလည်း အခွင့်အရေးအနည်းအပါးလောက်ပေးပြီး အဲ့ဘဲကြီးကို သေချာလေး ထုထောင်းခိုင်းထားလိုက်တယ် ဟဲဟဲ.....