Zawgyi
သုံးရက် ဆိုသောအချိန်ကာလ ဒီသုံးရက်အတွင်း သူသူဟန့်၏စိတ်တို့က တော်တော်လေးကို အလိုမကျဖြစ်နေရသည်။ နေ့စဉ်ပုံမှန်လိုလို သူမဆီရောက်ရောက်လာနေကျဖြစ်သည့် ခရေပန်းပွင့်ကလေးများက ပိတ်ရက်နှစ်ရက်လုံးတွင် အိမ်သို့ရောက်ရှိမလာခဲ့သလို ဒီနေ့တနင်္လာနေ့ ရုံးတက်ချိန်ရောက်လို့ အချိန်အတော်ကြာမြင့်နေသည့်တိုင်အောင် သစ်ကိုင်းရိုးတံလေးများနှင့်သီကုံးထားသော ခရေပန်းပွင့်ကလေးများ၏ အရိပ်အယောင်ကို တစွန်းတစပင် မမြင်ရသေးချေ။
" 10နာရီတောင်ခွဲသွားပြီ… ဘာဖြစ်လို့များ အခုချိန်ထိရောက်မလာရသေးတာလဲကွယ်"
မျှော်နေသလားဆိုတော့ ဟုတ်ပါသည် သူမ ထိုခရေပန်းပွင့်ကလေးများကို လည်ပင်းတရှည်ရှည်ဖြစ်သည်အထိ မျှော်လင့်နေမိသည်။လက်မှာ ပတ်ထားသော လက်ပတ်နာရီအမဲလေးကိုတစ်ချက်ကြည့်လိုက် အခန်းနံရံက တိုင်ကပ်နာရီကြီးကို တစ်ချက်ပြန်ကြည့်လိုက်နှင့် အလုပ်များနေရသည်မှာ သူမရုံးသို့စရောက်သည့်အချိန်ထဲကပင်။ နာရီစက္ကန့်တံ၏ တချက်ချက်အော်မြည်သံနှင့်အတူ တရွေ့ရွေ့တိုးလာနေသော နာရီ မိနစ် စက္ကန့်တို့၏ ကုန်ဆုံးသွားရလေသော အချိန်အထိုက်အလျောက် သူသူဟန့်စိတ်အစဉ်တို့က ပို၍ပို၍ အလိုမကျဖြစ်လာခဲ့ရသည်။
"ဂွက်"
သူမစားပွဲခုံပေါ်ရှိ သောက်ရေထည့်၍တင်ထားသော ဖန်ခွက်အပြည့်ကို ကုန်စင်အောင်မော့သောက်လိုက်ပြီးနောက် ဂွက်ခနဲအသံမြည်သည်အထိ ဆောင့်ချပစ်လိုက်မိသည်။
ပုံမှန်အတိုင်းဆို နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နေထိုင်တတ်သည့် အမျိုးသမီးလေး။ယခုတော့ မျက်မှောင်လေးများကျုံ့ကာ ဖန်ခွက်ကိုဆောင့်ချလောက်မိအောင်အထိ စိတ်အလိုမကျဖြစ်နေရသည် သို့ပေမယ့် လှပနေဆဲ နုပျိုနေဆဲ။
သူမ၏ခန္ဓာကိုယ်လေးနှင့် ကွက်တိကျအောင် လှလှပပချုပ်ထားသည့် ရင်ဖုံးလက်ရှည်အဖြူ ခါးတို လည်ဝိုက်လေးအား ချိတ်ထဘီအနက်လေးနှင့် တွဲဖက်ဝတ်ထားသည်မှာ ရိုးရိုးယဉ်ယဉ်ကလေး လှပနေသည်။ဆံထုံးကိုလည်း သေသပ်အောင်ထုံးဖွဲ့ထားပြီး နဖူးကျဉ်းကျဉ်းကလေးတွင်လည်း ဆံမြိတ်နုနုလေးများကို ဖုံးအုပ်ထားသေးသည်။
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...