အပိုင်း(၃၇)

4.4K 202 2
                                    

Unicode

လေနှင့်အတူ သယ်ဆောင်လာသော မိုးရေစက်များက အားကောင်းလွန်း၍ ခန္ဓာကိုယ်ပေါ်သို့ အားပါပါဖြင့် ရိုက်ခတ်နေသည်မှာ စပ်ဖြင်းဖြင်းဖြစ်သလိုခံစားရသည်။အချိန်မဟုတ်ဘဲ ရွာသည်ဆိုတော့ မုန်တိုင်းမိုးများလား။ဟုတ်ချင်လည်း ဟုတ်မည်။ကျွန်တော်က မိုးလေဝသသီတင်းဆိုလျှင် စိတ်ပါလက်ပါနားထောင်ဖူးသည့် အကြိမ်ရေဆိုတာ မရှိသလောက်ပင်ရှားသည်။

မိုးရေစက်များကြားက နှုတ်ခမ်းများက ပြာဝေနေသည်။မျက်လုံးများက တိမ်တိုက်များထက် မှိုင်းညှို့နေသည်။လျှပ်စီးလေးတစ်ချက်လောက်များ လက်လိုက်လျှင် ကိုယ်လုံးလေးမှာ ဆတ်ခနဲတုန်တတ်သွားလေသည်။သို့သော် ဘယ်လောက်ပင်ကြောက်စရာကောင်းနေစေကာမူ ကျွန်တော် နေရာ၌ ရပ်နေစဲသာ။

မိုးရွာခြင်းကို ကြောက်သည့်အကြောက်တရားထက် သာလွန်သော အကြောက်တရားတစ်ခုနှင့် ရင်ဆိုင်နေရသည့်အခိုက်အတန့်တွင် ဘာကိုမှ မမှုနိုင်တော့ချေ။မိမိအား ချစ်ရသူ မုန်းတီးသွားတော့မည့် အဖြစ်အား တွေ့ကြည့်ရုံနှင့် ရူးချင်စရာကောင်းလှသည်။ရင်ဆိုင်နိုင်ဖို့ ခွန်အားရော၊သတ္တိရော ရှိမနေခဲ့ပါ။

မကြာခင် မိမိ၏မျက်ဝန်းလေးတွေမှာ ဝေဝါးလာ၏။မိုးရေစက်တွေကြောင့်လား။ဒါမှမဟုတ် ကြောက်ရွံ့ခြင်းကြောင့်လား။ဒါမှမဟုတ် ဝမ်းနည်းခြင်းကြောင့် ဆို့တက်လာသော မျက်ရည်စက်တွေများလား။

"လား"ပေါင်းများစွာသော မေးခွန်းများ၌ အကြောင်းအရင်းကို အဖြေမရှာနိုင်သောငြား ကျွန်တော်၏ ရင်ထဲတွင်တော့ စိုးရိမ်ကြောင့်ကျမှုများ ရှိနေသည်။ထိုခံစားချက်သည် မိမိတန်ဖိုးထားရသည့်အရာအား မိမိကိုယ်တိုင်ဖျက်စီးပစ်မိတော့မလိုခံစားနေရခြင်းတွင် နောင်တတရားတွေလည်း ပါဝင်နေသည်။

နှလုံးခုန်သံများက မူမမှန်တော့။နားထင်၌ နှလုံးခုန်သံများက ရှင်းရှင်းလင်းလင်းကြားနေရ၏။ခြေထောက်များက ထုံကျင်လာသလိုလို၊ကိုက်ခဲလာသလိုလိုခံစားလာ၍ ကျွန်တော် ဒူးထောက်ထိုင်ချလိုက်၏။မကြာလိုက်ပါ ဝင်းခနဲလက်သွားသော လျှပ်စီးကြီးကြောင့် ပြာဝေသွားကာ ကျွန်တော်သည် မျက်စိကို ကျစ်ကျစ်ပါအောင်မှိတ်၊နားနှစ်ဖက် လက်နှစ်ဖက်ဖြင့် အုပ်ကာ နေ နေသည်က ကလေးဆန်လွန်းလှသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Where stories live. Discover now