အပိုင်း(၃၂)

4.9K 185 5
                                    

Unicode

ဝင်းလက်လက် ကြယ်ကလေးများသည် လမင်းကြီးနှင့် လိုက်ဖက်လှ၏။ကောင်းကင်ပေါ်၌ မီးရောင်စုံ ဖြာကျနေသော မီးရှူးမီးပန်းများက ကြယ်ကလေးများသဖွယ် လမင်းကြီးအား ပိုမိုလှပရန် ပံ့ပိုးပေးလျက်ရှိသည်။ကောင်းကင်တစ်ခွင် တစ်စက္ကန့်မျှ မော့ကြည့်လိုက်လျှင်ပင် မလွတ်တမ်းငေးကြည့်ချင်စရာကောင်းအောင် လှပနေပါသည်။

အစိမ်း၊အပြာ၊အနီရောင် အစရှိသော အရောင်အသွေးစုံလင်သည့် မီးပုံးသစ်ပင်ပေါ်က မီးပလုံးလေးများသည် လမ်းမပေါ် စီစီရီရီရှိနေသည်မှာ မျက်စိတစ်ဆုံး ငေးမောချင်စရာကောင်းနေပါသည်။

ပွဲတော်ဆင်နွဲကျသူများ၏ အပြုံးများသည် ပီပြင်လျက်ရှိကြ၍ ထိုအပြုံးများက လှပနေကြပါည်။မိမိသဘောကျရသော အပြုံးလေးသည်လည်း ငေးချင်စရာကောင်းအောင် ပီပြင်လျက်ရှိလေသည်။

အရာအားလုံးဟာ လှပပါလျင်နှင့် မိမိအဖို့တော့ ရုပ်ဆိုးအကျည်းတန်လွန်းနေသည်မှာ ကိုယ်စိတ်နှင့်ကိုယ်သာ ဖြစ်ကြောင်း သိလေသည်။

လမ်းဘေးဆိုင်ကလေးဆီက ထင်းရှူးမီးပုံကလေးသည် မိမိ၏ နှလုံးသားထက် ပူလောင်နိုင်ပါ့ဦးမလား။အပျော်ကနေ အပျက်ဖြစ်၍ ရန်ပွဲကလေး ရင်ဆိုင်လိုက်ရလို့ တစ်ချက်ကလေးများ အထိုးခံလိုက်ရသည့် လူငယ်လေးက မိမိနှလုံးသား၏ ထိုးနှက်ခံရမှုလောက် နာကျင်နိုင်ပါ့ဦးမလား။ပွဲတော်ရက်ကလေးမို့ မူးရူးပျော်ပါးချင်သော အရက်အမူးသမားလေးက မိမိလောက် တောင်စဥ်ရေမရအတွေးတွေဖြင့် မူးနှောက်နေချင်မှ နေပါလိမ့်မည်။

ဤသို့ မိမိစိတ်နှလုံး မချမ်းမြေ့မှုသည် ဖုံးဖိလို့မရလေအောင် မျက်နှာပေါ်သို့ မသိမသာထင်ဟပ်လာလေသည်။ထိုဝေဒနာအား ခေတ္တခဏမျှသာ ခံစားလိုက်ရ၍သာ တော်တော့သည်။မည်သို့ပင်ဖြစ်စေကာမှု အလုံးစုံတော့ ကျွန်တော် စိတ်ချမ်းမြေ့နိုင်မည် မထင်။

မနန်းခမ်းပျိုသည် ဆီမီးပူဇော်မည့် အဖွဲ့ထဲတွင် နေခဲ့၍ ကျွန်တော်နှင့် အန်ကယ်အပါအဝင် ကိုမျိုးမင်းတို့၏ ဇနီးမောင်နှံနှင့်တကွ ကလေးနှစ်ယောက်သည်  တောင်ကြီး တန်ဆောင်တိုင်၏ အဓိကဖြစ်သော ပွဲတော်ကျင်းပရာ အဝေရာကွင်းကြီးဆီသို့ သွားကြဖို့ရန် ဆုံးဖြတ်လိုက်ကြ၏။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Donde viven las historias. Descúbrelo ahora